ရုရှား တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံအနှံ့ ဆိုးဆိုးရွားရွား ဓာတ်အားပြတ်တောက်မှုတွေ ကြုံနေ

အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ ရုရှားရဲ့ လုပ်ရပ်ကြောင့် ယူကရိန်း နိုင်ငံမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့နေပါတယ်။

အခုသီတင်းပတ်မှာ ရုရှားက ယူကရိန်းနိုင်ငံ အနှံ့က ဓာတ်အားပေး စက်ရုံကွန်ရက်တွေကို ဒုံးကျည်တွေနဲ့ ထပ်မံ တိုက်ခိုက်ခဲ့တဲ့နောက် တစ်နိုင်ငံလုံးစာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းအောက်ထိ ထုတ်လုပ်နိုင်စွမ်း ကျဆင်းသွား​ကြောင်း သိရပါတယ်။

ယူကရိန်း လျှပ်စစ်စွမ်းအင် ကုမ္ပဏီ Ukrenergoက ပျက်စီးသွားတဲ့ အခြေခံ အဆောက်အအုံတွေ ပြင်ဆင်ရေးကို ဦးစားပေးအဆင့် ဆောင်ရွက်နေပေမယ့် အခက်အခဲ အမျိုးမျိုးကြောင့် ထင်ထားတာထက် ကြန့်ကြာမှုတွေ ကြုံနေကြောင်း ပြောပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း လက်ရှိ အခြေအနေအရ ဓာတ်အားလိုင်းနဲ့ သောက်သုံးရေပိုက်တွေ ပြတ်တောက်နေတာဟာ နိုင်ငံအတွက် အခက်ခဲဆုံး ပြဿနာတွေ ဖြစ်နေတယ်လို့ ဝန်ခံခဲ့ပါတယ်။ ရုရှားဟာ ယူကရိန်း လူနေဧရိယာထဲ သွယ်တန်းထားတဲ့ ရေပိုက်လိုင်းကြီးတွေကိုပါ ပစ်မှတ်ထား ဖျက်ဆီးပစ်ခဲ့တာပါ။

ယူကရိန်းမှာ အအေးဓာတ် လွန်ကဲလွန်းတာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ဆောင်းရာသီထဲ စတင်ချဉ်းနင်း ဝင်ရောက်လာပြီ ဖြစ်တာကြောင့် အခုလို ဓာတ်အား ပြတ်တောက်မှုတွေ ကြုံရခြင်းက အကြီးအကျယ် ခေါင်းခဲစရာ ဖြစ်လာပါတယ်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)ကလည်း အခြေခံ အဆောက်အအုံ ပျက်စီးမှုတွေဟာ ဆောင်းတွင်းကာလမှာ ယူကရိန်းပြည်သူ သန်းပေါင်းများစွာရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာနိုင်ကြောင်း သတိပေးထားပါတယ်။ ဆောင်းတွင်း ကာလဆိုရင် ယူကရိန်းနိုင်ငံ အနှံ့မှာ ရေခဲမှတ် ဝန်းကျင်လောက်ထိ အေးခဲလေ့ ရှိပါတယ်။

ယူကရိန်းမှာ မြို့တော် ကိယက်ဗ် အပါအဝင် ဒေသကြီး ၁၅ ခုလောက်က ဓာတ်အား ပေးဝေမှုနဲ့ ရေဖြန့်ဖြူးမှု စနစ်တွေ ပျက်စီးနေပါတယ်။ နိုဝင်ဘာ ၂၄ ရက်ထိ အခြေအနေအရ ကိယက်ဗ်မြို့တော်က လူဦးရေ ၇၀ ရာခိုင်နှုန်းလောက်ဟာ လျှပ်စစ်မီး မရကြပါဘူး။ မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက ဓာတ်အားနဲ့ သောက်ရေတွေ အကြီးအကျယ် ပြတ်တောက်နေတဲ့ အနေအထားအရ အဆိုးဆုံး ဖြစ်နိုင်ခြေတွေကို ကြိုတင်မျှော်လင့် ပြင်ဆင်ထားကြဖို့ ကိယက်ဗ် မြို့ခံတွေကို သတိပေးခဲ့ပါတယ်။

ယူကရိန်း အစိုးရကတော့ ပြည်သူတွေ အနေနဲ့ လာမယ့် ဆောင်းတွင်းမှာ ရက်ပေါင်း ၁၂၀ လောက်ကို ကြံ့ကြံ့ခံ ဖြတ်သန်းကြဖို့ အရေးတကြီး လိုအပ်နေကြောင်း ပြောပါတယ်။ ယူကရိန်း သမ္မတ ဇီလန်စကီးက ရုရှား လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဟာ အကြမ်းဖက်မှုသာဖြစ်ကြောင်း၊ စွမ်းအင် ဖြတ်တောက်တဲ့ အကြမ်းဖက်မှု၊ လက်နက်ကြီးနဲ့ ဒုံးကျည်တွေ ပစ်ခတ်တဲ့ အကြမ်းဖက်မှုတွေကိုသာ ဆက်တိုက် ကျူးလွန်နေခြင်းက လက်ရှိ အစိုးရရဲ့ ခေါင်းဆောင်မှုအောက်မှာ ရုရှားရဲ့ အဆင့်အတန်း ဘယ်လောက် နိမ့်ကျသွားသလဲဆိုတာ မြင်သာစေတယ်လို့ ဝေဖန်သွားပါတယ်။

အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ ရုရှားရဲ့ လုပ်ရပ်ကို စစ်ရာဇဝတ်မှုတွေအဖြစ် ယူကရိန်းနဲ့ အနောက်မဟာမိတ် နိုင်ငံတွေက စွပ်စွဲထားပေမယ့် ရုရှားကတော့ ဒီလုပ်ရပ်မျိုး သူတို့ မကျူးလွန်ပါဘူးလို့ ငြင်းဆိုထားပါတယ်။