မော်ကျွန်းမှာ အုပ်ချုပ်ရေးမှူးတွေဖွင့်ထားတဲ့ KTV နဲ့ မာဆတ်မှာ ဗုံးပေါက်

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်မှာရှိတဲ့ စော်ကဲချောင်းတံတားအနီးမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေ စုပေါင်းဖွင့်လှစ်ထားတဲ့ ဇင်ယော် KTV နဲ့ အနှိပ်ခန်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်ညပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ည ၇နာရီဝန်းကျင်မှာ ရေယာဥ်အသင်းဥက္ကဌ အမှတ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးဝင်းဆွေ၊ ၁၁ အုပ်ချုပ်ရေးမှုး ဦးကျော်မောင်တို့ စုပေါင်းဖွင့်လှစ်ထားသော KTV နဲ့ အနှိပ်ခန်းမှာရှိတဲ့ စားဖိုဆောင်ဘက်ကနေ ဗုံးနှစ်လုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အုပ်ချုပ်ရေးမှုး ဦးကျော်မောင် ရယ် ၇ အုပ်ချုပ်ရေးမှုး ဦး ဝင်းဆွေ တို့ စုဖွင့်ထားတဲ့ မာဆတ်လေ KTV ဆိုပေမဲ့အကုန်ရတယ်၊သူတို့က ခေတ်ကောင်းနေတာလေ။ ဗုံးအသံကအကျယ်ကြီးကြားရတယ်။လူအထိအခိုက်တော့မရှိခဲ့ပါဘူး။ ဆိုင်တော့ ချက်ခြင်းပိတ်လိုက်ပါတယ်”ဟုဒေသခံတဦး DNA ကိုပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ စော်ကဲချောင်းကျေးရွာအုပ်စုထဲက စော်ကဲချောင်းတံတားအနီးက KTV နဲ့ အနှိပ်ခန်းဟာမြို့နဲ့ မနီးမဝေးမှာရှိပြီး ပေါက်ကွဲမှုပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးတာတွေရှိပြီးဖမ်းဆီးမှုတော့ မရှိခဲ့လို့လည်း ဒေသခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ပထမပတ်ထဲမှာလည်း မော်ကျွန်းမြို့ပေါ်မှာရှိတဲ့ ပျူစောထီးခေါင်းဆောင်ဆိုသူ ဦးခင်မောင်ကြည်ကို သေနတ်နဲ့ပစ်ခတ်မှုဖြစ်ခဲ့ပြီး အခုပေါက်ကွဲမှုတွေ မော်ကျွန်းမြို့မှာ ဆက်ဖြစ်နေတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပြကြပါတယ်။