ဂန့်ဂေါမြို့အနောက်ဘက် ဇဟောရွာမှာ နိုဝင်ဘာ (၂၂) ရက် ဒီကနေ့ညနေပိုင်းမှာ လယ်ကွင်းထဲ လက်နက်ကြီးကျည်ကျပြီး စပါးရိတ်နေသူတွေ ထိမှန်ကာ နှစ်ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဂန့်ဂေါဒေသခံတွေဆီက သိရပါတယ်။
“နှစ်ယောက်မကနိုင်ဘူး၊ ဆယ်ယောက်ဝန်းကျင်လောက်ကို သေတာလို့ကြားနေတာ၊ လက်နက်ကြီးက ရွာထဲတွေကော၊ လယ်ထဲတွေကောကျတာ” လို့ ဂန့်ဂေါမြို့ခံတဦးက DNA ကိုပြောပါတယ်။
သေဆုံးထိခိုက်သူအရေအတွက် အတိအကျအတည်မပြုနိုင်သေးတဲ့ အဲ့ဒီလက်နက်ကြီးကျရောက် ပေါက်ကွဲမှုဟာ ဂန့်ဂေါမြို့ခံ စစ်ကောင်စီတပ်ရင်းခလရ (၅၀) က ပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတွေက အခိုင်အမာပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့ညနေပိုင်းမှာ ဇဟောရွာထဲ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပြီး စစ်ကြောင်းမဝင်ခင်မှာ လက်နက်ကြီးတွေနဲ့ အဲ့ဒီကျေးရွာဝန်းကျင်ကို အချက်ပေါင်း အများအပြားကြိုတင်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။
“နှစ်ယောက်သေတယ်ဆိုတာက dead body တွေ့ရတာကိုပြောတာပေါ့၊ ဒီထက်မကသေဆုံးနိုင်တယ်၊ စပါးရိတ်နေတဲ့သူတွေကိုမှန်တာကိုး၊ စပါးရိတ်တယ်ဆိုတာ အုပ်စုလိုက်ရိတ်တာကြတာဆိုတော့ ထိကြမှာ” လို့ ဂန့်ဂေါတောင်ပိုင်း ကာကွယ်ရေးခေါင်း ဆောင်တဦးဖြစ်တဲ့ ကိုဝေလေးကပြောပါတယ်။
စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ရွာထဲစစ်ကြောင်းထိုးချိန်မှာ ဇဟောရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတာရှိမရှိ ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
စစ်ကောင်စီစစ်ကြောင်းကရွာကိုဝင်ရောက်ချိန်မှာ ရွာထဲကအိမ်တွေကို တစ်အိမ်သုံးယောက်နှုန်းတက်ပြီး အိမ်တွေကိုမွှေနှောက်ကာ ပစ္စည်းတွေယူဆောင်ကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။
အဲ့ဒီလို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ စစ်ကြောင်းထိုး ဝင်ရောက်လာတာတွေကြောင့် ဇဟောရွာခံအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။