အမှားများခဲ့တဲ့ ဂိုးသမား မန်ဒီကို ဆီနီဂေါ ပရိသတ်တွေ ဒေါသထွက်နေ

အမှားတွေ ကျူးလွန်ခဲ့တဲ့ ဂိုးသမား ဒီအူရက်ဒ် မန်ဒီကို ပွဲထွက် လူစာရင်းက ဖယ်ထုတ်ပေးဖို့ ဆီနီဂေါ ပရိသတ်တွေက ဒေါသတကြီး တောင်းဆိုလာကြပါတယ်။ 

အာဖရိက ချန်ပီယံ ဆီနီဂေါ အသင်းဟာ သူတို့ရဲ့ ၂၀၂၂ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ ဥရောပထိပ်သီး နယ်သာလန်ကို ၂-၀ နဲ့ အရေးနိမ့်ပြီး အဖွင့်ရလဒ် မလှပခဲ့ပါဘူး။ ဆီနီဂေါဟာ ပွဲချိန် အများစုမှာ နယ်သာလန်ကို သူတင်ကိုယ်တင် ယှဉ်ကစားနိုင်ခဲ့ပြီး တိုက်စစ်ပိုင်း အဆုံးသတ်မှု အားနည်းချက်တွေကြောင့်သာ ဦးဆောင်ဂိုး မရခဲ့တာပါ။ 

ဒါပေမဲ့ ပွဲပြီးခါနီးမှာတော့ ဂိုးသမား မန်ဒီရဲ့ ပေးဆပ်မှု ကြီးမားစေတဲ့ အမှားနှစ်ခုကြောင့် ဆီနီဂေါတို့ အရေးနိမ့်ခဲ့ရတာပါ။ ချဲလ်လ်ဆီး အသင်းမှာ ကစားနေတဲ့ မန်ဒီဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွက် ဆုံးဖြတ်ချက် အမှားအယွင်းတွေ ပိုများလာတာကြောင့် ကလပ်အသင်းမှာလည်း ပွဲထွက်နေရာကို ဆုံးရှုံးထားရပြီး ဖြစ်ပါတယ်။ 

Twitterမှာတော့ ဆီနီဂေါ ပရိသတ်တွေက အသက် ၃၀ အရွယ် ဂိုးသမားဟာ ထိပ်တန်းအဆင့် မဟုတ်တော့ဘဲ အရန်ခုံ ပို့သင့်နေပြီလို့ အပြင်းအထန် ဝေဖန် ရေးသားနေကြပါတယ်။ မန်ဒီဟာ နယ်သာလန်ရဲ့ ဖြတ်တင်ဘောကို ပုတ်ထုတ် ကာကွယ်ဖို့ ကြိုးစားချိန်မှာ အတွက်အဆ လွဲသွားတာကြောင့် ကိုဒီဂက်ခ်ပိုက ခေါင်းတိုက်ပြီး ဦးဆောင်ဂိုး သွင်းသွားခဲ့ပါတယ်။ နောက်တစ်ခါ မမ်းဖစ်ဒီပိုင်းရဲ့ အားသိပ်မပါလှတဲ့ ကန်ချက်ကို ပြာပြာသလဲ ပုတ်ထုတ်ရာမှာ ပြိုင်ဘက် ကစားသမား ဒေဗီ ကလက်ဆန်ဆီတည့်တည့် ရောက်သွားတာကြောင့် ဒုတိယအကြိမ် ကိုယ်ကျိုးနည်းခဲ့ပြန်ပါတယ်။ 

ဆီနီဂေါဟာ အိမ်ရှင်ကာတာ၊ အီကွေဒေါ၊ နယ်သာလန်တို့နဲ့ အုပ်စု(A)မှာ အတူကျရောက်နေပြီး အခုပွဲ အရှုံးကြောင့် လာမယ့် ပွဲစဉ်တွေမှာ ထပ်အမှားမခံနိုင်တဲ့ ဖိအားမျိုး ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။