ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ယူကရိန်း ပိုင်နက်ထဲမှာရှိတဲ့ ဥရောပတိုက်ရဲ့ အကြီးမားဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေ တစ်ဒါဇင်ထက်မနည်း ဖြစ်ပေါ်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၉ နဲ့ ၂၀ နှစ်ရက်တာအတွင်း ဇာပေါ်ရက်ဇီရာ ဓာတ်အားပေး စက်ရုံမှာ လက်နက်ကြီး ကျည်ဆန်တွေ အချိန်ခြားပြီး ကျရောက်ခဲ့ကြောင်း ကုလသမဂ္ဂရဲ့ နျူကလီးယား စောင့်ကြည့်အဖွဲ့ (IAEA) အကြီးအကဲ ရာဖေးလ် ဂရိုဆီက အတည်ပြုခဲ့ပါတယ်။ ဒီကိစ္စဟာ မီးနဲ့ ကစားသလို ဖြစ်နေပြီး နျူကလီးယား ဓာတ်အားပေး စက်ရုံတဝိုက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရပ်တန်းက ရပ်ကြဖို့လည်း ဂရိုဆီက သတိပေးခဲ့ပါတယ်။
ဇာပေါ်ရက်ဇီရာ ဓာတ်အားပေး စက်ရုံနားမှာ အရင်ကလည်း လက်နက်ကြီးကျည်ဆန် ကျရောက် ပေါက်ကွဲမှုတွေ ကြုံတွေ့ဖူးပြီး ရုရှားနဲ့ ယူကရိန်းတို့က အပြန်အလှန် လက်ညှိုးထိုး စွပ်စွဲလေ့ ရှိကြပါတယ်။ အဲဒီ ဓာတ်အားပေး စက်ရုံကြီးကို လတ်တလောမှာ ရုရှားက ထိန်းချုပ်ထားပါတယ်။ ပုံမှန်ဆိုရင် ဓာတ်အားပေး စက်ရုံကနေ ယူကရိန်း တစ်နိုင်ငံလုံးရဲ့ ငါးပုံတစ်ပုံစာလောက် ဧရိယာကို ဓာတ်အား ထောက်ပံ့နေပေမယ့် လတ်တလောမှာတော့ လည်ပတ်မှု ရပ်ဆိုင်းထားပါတယ်။
ဓာတ်အားပေး စက်ရုံက လည်ပတ်မနေဘူး ဆိုရင်တောင် လက်နက်ကြီး ထိမှန်ပြီး ဓာတ်ပေါင်းဖိုတွေက အအေးပေး စနစ်တွေ ပျက်စီးသွားခဲ့မယ်ဆိုရင် ဆိုးရွားလှတဲ့ ယိုစိမ့်မှု အန္တရာယ်တွေ ကြုံလာနိုင်တယ်လို့လည်း ဂရိုဆီက ဆိုပါတယ်။ ဓာတ်အားပေး စက်ရုံကို ဘယ်သူက လက်နက်ကြီးနဲ့ ပစ်နေသလဲ ဆိုတာကို လက်ညှိုးထိုး အပြစ်မဖို့ချင်တော့ကြောင်း၊ လောလောဆယ် အရေးကြီးတာက အဲဒီလုပ်ရပ်ကို ရပ်တန်းက အမြန်ဆုံး ရပ်ဖို့ဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းကို ရုရှားတပ်တွေ ကျူးကျော် တိုက်ခိုက်ပြီး သီတင်းပတ် အနည်းငယ် အကြာမှာ အဲဒီ ဓာတ်အားပေး စက်ရုံကြီးကို သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။