ကန်ကြီးထောင့်မှာ ကမ်းပြိုလို့ မိသားစုတစု အိုးမဲ့ အိမ်မဲ့ဖြစ်၊ ထောက်ပံ့ ကူညီမှုမရှိသေး

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ လိပ်ကမ္ဘာကျေးရွာအုပ်စု၊ ဝဲချောင်းကျေးရွာမှာ မောင်းတီးမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုပြီး မြစ်ကမ်းဘေးက ဆန်စက်ဂိုထောင် တလုံး၊ နေအိမ် တလုံးနဲ့ သံကူကွန်ကရစ် တံတားတစင်း မြစ်ထဲပြိုကျပျက်စီးခဲ့ပါတယ်။

ဒီလို ဖြစ်ပွားခဲ့တာ လေးရက်ကြာခဲ့ပြီးပေမယ့် စစ်ကောင်စီ လက်အောက်ခံ လှုမှုရေးဝန်ကြီးဌာန လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဦးစီးဌာန အနေနဲ့ ထောက်ပံ့ကူညီပံ့ပိုး နေရာချထားပေးတာ မရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီ မြစ်ကမ်းပါးပြိုကျမှုဟာ နိုဝင်ဘာ (၁၅) ရက် မွန်းလွဲပိုင်းက ဖြစ်ခဲ့တာဖြစ်ပြီး လူနဲ့တိရိစ္ဆာန် သေဆုံးတာမရှိပေမယ့် အိမ်နဲ့ပရိဘောဂတချို့ ဆုံးရှုံးကာ မိသားစုဝင် ကျား(၂)ဦး၊ မ(၅)ဦး တို့အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဒေသခံ လူမှုကယ်ဆယ် ကူညီရေး အဖွဲ့ဝင်တွေထံက သိရပါတယ်။

“အိုးအိမ်မဲ့ ဖြစ်သွားတဲ့မိသားစုဝင်တွေက နီးစပ်ရာ ဆွေမျိုးသားချင်းနေအိမ်မှာယာယီရွှေ့ပြောင်းနေထိုင်ကြရတယ်၊ ပရဟိတသမားတွေ ကူညီတာကလွဲလို့ ဌာနဆိုင်ရာ ထောက်ပံ့မှုတော့ မရသေး ဘူး ”လို့ သဘာဝဘေးသင့် မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အရပ်ဖက် လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တွေနဲ့ ကန်ကြီးထောင့်မြို့နယ် မီးသတ်တပ်ဖွဲ့က သဘာဝဘေးသင့်ရတဲ့ မိသားစုဝင်တွေကို လာရောက်ကူညီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင် တချို့ဆီက သိရပါတယ်။

သဘာဝဘေးသင့်ခဲ့တဲ့ အခြေအနေ ဖြစ်ရပ်ကို စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ သက်ဆိုင် ရာဌာနတွေကို သတင်းပို့ တင်ပြထားပြီး ဖြစ်တယ်လို့ အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးကပြောပါတယ်။

အခုလိုသဘာဝဘေးကြောင့်ပျက်စီးဆုံးရှုံးရသူတွေကို NLD အစိုးရလက်ထက် လူမှုဝန်ထမ်း ကယ် ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ သဘာဝဘေးစီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့ ငွေနဲ့ ပစ္စည်းတွေ ပံ့ပိုးထောက်ပံ့တာတွေရှိခဲ့ပါတယ်။

NLD အစိုးလက်ထက်က သဘာဝဘေးဖြစ်စဉ်တွေမှာအသက်သေဆုံးမှုအတွက် ကျပ်သုံးသိန်း ၊ နေ အိမ်ပျက်စီး ဆုံးရှုံးမှုအတွက် ဆောက်လုပ်ရေး ပစ္စ ည်းရဲ့ တန်ဘိုးငွေ၊ တဦးချင်းအတွက် ဆန်နဲ့ (၇) ရက်စာ ရိက္ခာတန်ဘိုးငွေတို့အပြင် အိမ်သုံးပစ္စည်းတွေလည်း ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။