စစ်ကောင်စီရဲ့မီးရှို့ဖျက်ဆီးမူကြောင့် ကျေးရွာတွေကိုစွန့်ခွာပြီး စစ်ဘေးရှောင်နေကြရတဲ့ ဆောမြို့နယ် လက်ပန်းရွာနဲ့ ပဆုတ်ရွာက ပြည်သူတွေအတွက် ရိက္ခာနဲ့ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပဆုပ်ရွာသားတဦးက DNA ကိုပြောပါတယ်။
“ကျွန်တော်တို့ ရပ်ရွာလူကြီးတွေ စည်းဝေးကြတာပေါ့၊ ရိက္ခာက မလိုအပ်တာတော့ မဟုတ်ဘူး၊ ပထမအရေးကြီးဆုံးက ဆေးဝါးဖြစ်တယ်၊ တောထဲတောင်ထဲမှာ ဝမ်းပျက်ဝမ်းရှောဖြစ်မှာ စိုးရိမ်ကြတယ်” လို့ သူကပြောပါတယ်။
စစ်ဘေးရှောင်တွေအနေနဲ့ လတ်တလောမှာ ရိက္ခာအတွက် ပါလာတဲ့ ရိက္ခာ၊ ဒေသတွင်းထောက်ပံ့မှုတွေနဲ့ ဖြေရှင်းနေပြီး ဆေးဝါးလိုအပ်ချက်က အဓိကဖြစ်တယ်လို့ ဆိုပါတယ်။
ဆောင်းရာသီရောက်ရှိပြီ ဖြစ်တာကြောင့် ရွာကနေထွက်ပြေးရာမှာ အဝတ်အထည်နဲ့စောင်တွေ မယူ နိုင်ခဲ့သူတွေ အတွက်လည်း လိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။
“အဓိကလိုအပ်တဲ့ ဆေးတွေက သွေးတိုး၊ ဆီးချိုဆေးတွေပါဗျ၊ တစ်ချို့ ဆေးပြတ်လို့ နေမကောင်းတာတွေ ရှိတယ်ဗျ၊ နောက် ဆောင်းတွင်းဆိုတော့ စောင်တွေလိုတာပါဗျ၊ သက်ကြီးပိုင်းတွေက အအေးမိပြီး နေထိုင်မကောင်းတာတွေ ရှိပါတယ်” လို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ ဒေါက်တာကြည်စိုးထွန်းက ပြောပါတယ်။
ကျောက်ထုမြို့ အမြှောက်တပ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ် စစ်ကြောင်းက နိုဝင်ဘာ(၁၅)ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် မကွေးတိုင်း၊ဆောမြို့နယ်၊ လက်ပန်းကျေးရွာနဲ့ပဆုပ်ကျေးရွာက လူနေအိမ် (၂၂၆) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံ (၁၅၀၀)ကျော် စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသတွင်းမီဒီယာ ယောအလင်းတန်းက ဖော်ပြထားပါတယ်။
“ရွာမှာကနေလို့မရတော့ဘူး၊ဘာမှမရှိတော့ဘူးလေ၊ကျန်တဲ့ပစ္စည်းလေးတွေသွားယူပြီး တောထဲမှာနေကြရတာ ပဆုတ်ရွာကသပ်သပ်၊ လက်ပန်းရွာက သပ်သပ်တစ်နေရာစီ တောထဲမှာ နေကြရတာ” လို့စစ်ရှောင်တဦးကပြောပါတယ်။
ရွာတွေကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အပြင်စစ်ဘေးရှောင်တွေနေထိုင်တဲ့ ဝန်းကျင်ကိုပါ စစ်ကောင်စီက လက်နက်ကြီး တွေနဲ့ပစ်ခတ်နေတာကြောင့် အမျိုးသမီးနဲ့ကလေးငယ်တွေကို တခြားကျေးရွာတွေဆီပို့ဆောင်ထားကြရတယ်လို့ ဆိုပါတယ်။
“ယောကျ်ားတွေကတော့ ကျွဲ၊နွားတွေ၊ စိုက်ခင်းတွေရှိသေးတယ်၊ဒါပဲရစရာရှိတာကိုး၊ ရသလောက်လုပ်ကြရ ဦးမှာ” လို့ စစ်ရှောင်တဦးကပြောပါတယ်။
လက်ရှိတောတောင်ထဲမှာစစ်ဘေးရှောင်နေကြရတဲ့ပြည်သူတွေဟာ အချင်းချင်းကူညီ စောင့်ရှောက် နေထိုင်ကြပြီး ရွာကထွက်ပြေးလာချိန်ကတည်းက အသက်သေဆုံးသူတော့မရှိသေးဘူးလို့ စစ်ရှောင်တွေဆီက သိရပါတယ်။