တမူးမှာ ပြည်တွင်းစက်သုံးဆီမဝင်လို့ အိန္ဒိယဘက်ကစက်သုံးဆီ မှောင်ခိုသွင်းနေရ

မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့မှာ လတ်တလော စစ်‌ရေး အခြေအနေတွေကြောင့် လမ်းကြောင်းပိတ်နေလို့ ပြည် တွင်းစက်သုံးဆီပြတ်နေပြီး အိန္ဒိယဘက်က မှောင်ခိုတင်သွင်း အသုံးပြုနေရတယ်လို့ တမူးမြို့ခံတွေက ပြောပါတယ်။

အိန္ဒိယဘက်က မှောင်ခိုတင်သွင်းတဲ့ စက်သုံးဆီတွေဟာ ပြည်တွင်း စက်ပစ္စည်းတွေနဲ့ ကိုက်ညီမှုမရှိလို့ ရေရှည်အဆင်မပြေနိုင်တဲ့အပြင် မှောင်ခိုတင်သွင်းရတာကြောင့် အိန္ဒိယစက်သုံးဆီကလည်း ဈေးမြင့်တက်လာတယ်လို့ ဆိုပါတယ်။

အိန္ဒိယဘက်မှောင်ခို စက်သုံးဆီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တလီတာ ရူးပီတရာ ပေါက်ဈေးရှိရာကနေ နိုဝင်ဘာ (၁၇) ရက်ကစပြီး တလီတာ ရူပီးတရာ့နှစ်ဆယ်ဖြစ်လာတယ်လို့သိရပါတယ်။ လက်ရှိငွေလဲနှုန်းတွေအရ ရူပီးတရာကို မြန်မာငွေ (၃၅၀၀) ဝန်းကျင် ပေါက်ဈေးရှိတဲ့အတွက် အိန္ဒိယစက်သုံးဆီတလီတာ ကျပ်လေးထောင်ကျော် ပေးဝယ်ရတဲ့သဘောဖြစ်ပါတယ်။

“မိုးရေးဆီက ဒီဇယ်ဆီဆိုပါး၊ ဓာတ်ဆီဆိုထူ ပြောင်းပြန်လေ၊ ဗမာပြည်နဲ့က အဆင်ကိုမပြေတာ၊ ကြာကြာသုံးရင် (စက်ပစ္စည်းတွေ) ပျက်ကရော” လို့ တမူးမြို့ခံတဦးက ပြောပါတယ်။

တမူးမြို့ကိုပြည်တွင်းက ဓာတ်ဆီ၊ ဒီဇယ်ကားတွေ ဝင်ဖို့ရှိနေပေမယ့် ကလေး- တမူး ကားလမ်းမကြီးတလျောက်မှာ စစ်ကောင်စီက အိန္ဒိယဘက်ကပေးတဲ့ စစ်လက်နက်ပစ္စည်းတွေ သယ်ယူနေတာကြောင့် ဒေသတွင်းစစ်ရေး တင်းမာနေပြီး ဒေသတွင်း ကာကွယ်ရေးတပ်တွေက အဲ့ဒီလမ်းကို ယာယီသွားလာခွင့် ပိတ်ပင်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီက တမူးဒေသခံ ကာကွယ်ရေးတပ်တွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ တပ်စခန်းနေရာတွေကနေ ဆုတ်ခွာပေးခဲ့ရပါတယ်။ အဲ့ဒီလိုဆုတ်ခွာပေးရတာရှိပေမယ့် တမူး-ကလေး လမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်းကို မိုင်ဆွဲတိုက်ခိုက်တာတွေ ရှိနေဆဲဖြစ်ပါတယ်။