ရခိုင်မှာ လက်နက်ကြီးထိလို့ တရက်တည်း ဒေသခံ ဆယ့်သုံးဦးထက် မနည်းသေဆုံး၊ အများအပြား ဒဏ်ရာရ

ရခိုင်ပြည်နယ်က မြို့နယ်နှစ်ခုမှာ လက်နက်ကြီး ရွာထဲကျပေါက်ကွဲလို့ ဒီကနေ့ နိုဝင်ဘာ (၁၆) ရက်တရက်တည်းမှာပဲ ဒေသခံ ဆယ့်သုံးဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် (AA) အဖွဲ့တို့ လတ်တလော တိုက်ပွဲတွေဖြစ်နေတဲ့ ကျောက်တော်နဲ့ မောင်တောမြို့နယ်တွေမှာ ဒီကနေ့မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျပေါက်ကွဲပြီး ဒေသခံတွေ သေဆုံးထိခိုက်ခဲ့ကြတာဖြစ်ပါတယ်။

လူနေကျေးရွာထဲ လက်နက်ကြီးကျပေါက်ကွဲခဲ့တဲ့ အဲ့ဒီဖြစ်စဉ်တွေဟာ စစ်ကောင်စီတပ်တွေက လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကျောက်တော်မြို့နယ် ချောင်းတူ (ဒေသအခေါ်ဆောင်းတုံ) ရွာဘက်ကို စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံကျေးရွာသား သုံးဦး သေဆုံးခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့ခံတဦးက DNA ကိုပြောပါတယ်။ ပစ်ခတ်မှုကို ခမရ (၅၅၀) တပ်က လုပ်တာဖြစ်နိုင်တယ်လို့လည်း သူကဆိုပါတယ်။

ချောင်းတူရွာဟာ ဖွဲ့စည်းပုံအရ ကျောက်တော်မြို့နယ်ထဲမှာ ပါဝင်ပေမယ့် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ပိုနီးစပ်တဲ့ မြိုတိုင်းရင်းသားတွေနေထိုင်ရာ ကျေးရွာတရွာဖြစ်တယ်လို့ ပုဏ္ဏားကျွန်းမြို့ခံက ပြောပါတယ်။

ပုဏ္ဏားကျွန်း-ကွန်းတောင်ဘူတာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ရခိုင့်တပ်တော် (AA) က မနေ့က ပစ်ခတ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်သားတချို့သေဆုံးခဲ့တဲ့အတွက် စစ်တပ်က အခုလို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်တာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွက သုံးသပ်ကြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတဲ့တပ်ဟာ ခမရ (၅၅၀) တပ်ဖြစ်ပြီး နိုဝင်ဘာ (၁၀) ရက်ကလည်း စစ်တပ်က ဆင်အင်းကြီး ကျေးရွာထဲဝင်ရောက်စီးနင်းကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့အပြင် အသက်ကိုးဆယ်ကျော် အဖွားအိုတဦး အပါအဝင် ဒေသခံ ဆယ်ဦးကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ မောင်တောမြို့နယ် မြောက်ပိုင်းက ဂြိတ်ချောင်းရွာမှာလည်း ဒီနေ့ နေ့လယ်ပိုင်းမှာပဲ ရွာထဲ လက်နက်ကြီးကျလို့ ဆယ်ဦးထက်မနည်းသေဆုံးပြီး သုံးဆယ်နီးပါးဒဏ်ရာရတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြထားပါတယ်။