တရုတ်က မြို့တစ်မြို့မှာ ဇီးရိုးကိုဗစ် မူဝါဒကို သည်းမခံနိုင်လို့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ 

မြို့တစ်မြို့မှာ အကြမ်းပတမ်း ဆန္ဒပြမှုတွေနဲ့အတူ တရုတ် အစိုးရရဲ့ ကပ်ရောဂါ ထိန်းချုပ်ရေး ဇီးရိုးကိုဗစ် အစီအမံနဲ့ ပတ်သက်လို့ ဝေဖန်သံတွေ ပိုမို ကျယ်လောင်လာပါတယ်။ 

တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ရောဂါဖြစ်ပွားမှု များပြားတဲ့ ဧရိယာတွေကို တင်းတင်းကျပ်ကျပ် Lockdownချပြီး အသွားအလာ ကန့်သတ်တဲ့ ဇီးရိုးကိုဗစ် မူဝါဒကို လက်ကိုင်ထားနေဆဲပါ။ ဒီသဘောတရားကို ကပ်ရောဂါ အစောပိုင်း ကာလတွေမှာ ကမ္ဘာ့နိုင်ငံ အများအပြားက လက်ခံ ကျင့်သုံးခဲ့ကြပေမယ့် လူအများစုက ကာကွယ်ဆေးတွေ ထိုးထားကြပြီး ရောဂါကြောင့် အသေအပျောက် သိသိသာသာ ကျဆင်းသွားတဲ့ မျက်မှောက် ကာလမှာတော့ ခေတ်မမီတော့ဘူးဆိုတဲ့ ဝေဖန် ထောက်ပြမှုတွေ ရှိနေပါတယ်။ 

တရုတ်ရဲ့ ဇီးရိုးကိုဗစ် မူဝါဒမှာ နောက်ထပ် ပိုပြီး ဆိုးရွားတဲ့ အချက်တစ်ခုက Lockdownချမယ့် ဧရိယာတွေမှာ ကြိုတင် သတိပေးတာ၊ ပြင်ဆင်ခွင့် ပေးတာမျိုး မရှိဘဲ ရုတ်တရက် အသွားအလာ ကန့်သတ်လိုက်တာမျိုး ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးကြောင့် အင်အားနည်းပါးသူ၊ သူတစ်ပါး အကူအညီနဲ့ ရပ်တည် ရှင်သန်ရသူတချို့ဟာ သူတို့ကို စောင့်ရှောက်ထားသူနဲ့ တကွဲတပြားဖြစ်ပြီး အသက်ဆုံးရှုံးရတာမျိုးတွေတောင် ကြုံခဲ့ဖူးပါတယ်။ 

နိုဝင်ဘာ ၁၅ ရက်မှာတော့ တရုတ်တောင်ပိုင်းက စက်မှုရပ်ဝန်း မြို့တစ်မြို့ဖြစ်တဲ့ ကွမ်ကျိုးမှာ ဇီးရိုးကိုဗစ်ကို လုံးဝ သည်းမခံနိုင်တော့တဲ့ ဒေသခံတွေ စုဝေးပြီး ဆန္ဒပြကြသလို ရဲတွေနဲ့ပါ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ် ရောက်လာတဲ့ ဗီဒီယို မှတ်တမ်းတွေအရ အကြီးအကျယ် ဒေါသထွက်နေဟန်ရှိတဲ့ ဆန္ဒပြသူတွေဟာ ဓာတုကာကွယ်ရေး ဝတ်စုံတွေ ဝတ်ထားတဲ့ ရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့အပြင် ရဲကားတစ်စီးနဲ့ လူစုလူဝေးကို ထိန်းချုပ် ကာကွယ်တဲ့ အတားအဆီးတွေကိုပါ ဖျက်ဆီးပစ်ကြတာ တွေ့ရပါတယ်။ 

နောက်တော့ အဲဒီနေရာကို အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့တွေပါ အင်အား အလုံးအရင်းနဲ့ ရောက်ရှိလာပြီး လူစုခွဲစေခဲ့တာကို တွေ့ရပါတယ်။ စည်းမျဉ်းချုပ်ခြယ်မှုတွေ တင်းကျပ်လွန်းတဲ့ တရုတ်မှာ အခုလို လူစုလူဝေးနဲ့ ဆန္ဒပြကြတာဟာ ရှားပါးလှတဲ့ ဖြစ်စဉ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ပြီးတော့ ဇီးရိုးကိုဗစ်နဲ့ ပတ်သက်ရင် ပြည်သူလူထုရဲ့ သည်းခံနိုင်စွမ်း ယုတ်လျော့ ကုန်ခန်းလာနေတာကိုလည်း မြင်သာစေခဲ့ပါတယ်။ 

တရုတ် အာဏာပိုင်တွေဟာ လူကြိုက်မများတော့တဲ့ ဇီးရိုးကိုဗစ် မူဝါဒကို အနည်းငယ် လျှော့ပေါ့ ပြင်ဆင်ကြောင်း သတ်မှတ်ချက် အသစ်တွေ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူ အများစုကတော့ ဇီးရိုးကိုဗစ် စံနှုန်းတွေနဲ့ ကပ်ရောဂါကို ထိန်းချုပ်ကာကွယ်နေတာမျိုး မရှိသင့်တော့ဘူးလို့ ယူဆနေကြောင်း သိရပါတယ်။