ဧရာဝတီတိုင်း ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ကတုံးလေးကျွန်းအနီးမှာ စက်လှေပျက်ပြီး အဖမ်းခံခဲ့ရတဲ့ ရိုဟင်ဂျာ တွေ ကို စစ်ကောင်စီလက်အောက်ခံ ဘိုကလေးတရားရုံးကဒီကနေ့နိုဝင်ဘာ(၁၅)ရက်မှာ နှစ်စဉ်ထောင်ဒဏ် တွေ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းဆီကသိရပါတယ်။
အဲ့ဒီရိုဟင်ဂျာတွေထဲက (၄၈)ဦးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ ကူးလာသူတွေလို့ တရားရုံးက ဆုံးဖြတ်ပြီး အသက် (၁၈)နှစ်ပြည့်ပြီးသူ (၃၅)ဦးကို ထောင်ဒဏ် ငါးနှစ်စီချမှတ်လိုက်တယ်လို့သိရပါတယ်။
အသက်(၁၈)နှစ်မ ပြည့်သေးတဲ့ ရိုဟင်ဂျာ (၁၃)ဦးကိုလည်း ငှက်အော်စမ်းလူငယ်ထိန်းသိမ်းရေးစခန်းမှာ အသက် နှစ်ဆယ် ပြည့်ချိန်အထိ ထိန်းသိမ်းထားဖို့ အမိန့်ချလိုက်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံရသူတွေထဲက မောင်တောဒေသခံ ရိုဟင်ဂျာ(၁၄)ဦးကို ခရီးသွားပုံစံ(၄)မပါဘဲ ခရီးသွားမှု၊ ရို ဟင်ဂျာတွေကို ကူညီပေးတဲ့ ရခိုင်တိုင်းရင်းသား ခုနစ်ဦးကို လူကုန်ကူးမှုတွေနဲ့ တရားစွဲဆိုထားသေးတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေကပြောပါတယ်။
အမာမြို့နယ်ခွဲက ကတုံးလေးကျွန်းအနီးမှာ အောက်တိုဘာ(၃၀)ရက်က ရိုဟင်ဂျာ ခြောက်ဆယ်ကျော် ဖမ်းမိခဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စီက စုစုပေါင်း လူ(၆၉)ဦးကို အမှုဖွင့်တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ရိုဟင်ဂျာတွေကို ပုံမှန်အားြဖင့် ထောင်ဒဏ်ခြောက်လကနေ နှစ်နှစ်အထိသာ ချမှတ်လေ့ရှိ ပေမယ့် ဒီကနေ့မှာတော့ ထောင်ဒဏ် ငါးနှစ်စီ ပထမဆုံးအကြိမ် ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
အခုလို ပြင်းထန်တဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တာဟာ စစ်ကောင်စီကရိုဟင်ဂျာတွေအပေါ် မတရားသဖြင့် ဖိနှိပ်နေတယ်ဆိုတာ ပေါ်လွင်တယ်လို့ ရိုဟင်ဂျာအရေးဆောင်ရွက်ပေးနေသူ ရိုနေဆန်းလွင်က ပြောပါတယ်။
“နိုင်ငံတကာရဲ့ အမိန့်တွေကိုလဲမလိုက်နာပဲ သူတို့ဖိနှိပ်တယ်ဆိုတာကို ပေါ်ပေါ်ထင်ထင်ကိုပဲ ပြလာတာ ဖြစ်ပါတယ်”လို့သူကဆိုပါတယ်။
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က ကြားဖြတ်အစီအမံတွေချမှတ်ခဲ့အပြီး NLD အစိုးရခေတ်မှာ ဖမ်းမိ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့တာပဲလုပ်ခဲ့ပေမယ့် အာဏာသိမ်းစစ်ကောင်စီ လက် ထက်မှာတော့ ထောင်ဒဏ်ချမှတ်အရေးယူတာတွေရှိခဲ့ပြီး အခုတကြိမ်မှာတော့ ပိုမိုပြင်းထန်တဲ့ ထောင်ဒဏ်တွေ ချမှတ် လိုက်တာဖြစ်ပါတယ်။