ကမ္ဘာ့လူဦးရေ စုစုပေါင်း ရှစ်ဘီလီယံ ပြည့်မြောက်လာ

ကမ္ဘာ့ လူဦးရေဟာ သန်း ၈၀၀၀ (၈ ဘီလီယံ) ပြည့်မြောက် ကျော်လွန်သွားပြီဖြစ်ကြောင်း ကုလသမဂ္ဂ အဖွဲ့ကြီးက ထုတ်ပြန် ကြေညာလိုက်ပါတယ်။ 

ကမ္ဘာ့လူဦးရေ ၇ ဘီလီယံပြည့်ပြီး ၁၁ နှစ်လောက် အကြာမှာပဲ နောက်ထပ် ၁ ဘီလီယံ ထပ်တိုးလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူဦးရေ ၉ ဘီလီယံ ဖြစ်လာဖို့အတွက် ဆိုရင်တော့ နောက်ထပ် ၁၅ နှစ်လောက် ကြာညောင်းနိုင်တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ 

ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ လူဦးရေတိုးနှုန်း သိသိသာသာ လျော့သွားပြီး ၂၀၈၀ ပြည့်နှစ် မတိုင်ခင် လူဦးရေ ၁၀ ဘီလီယံ မပြည့်လောက်ဘူးလို့လည်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ 

နိုဝင်ဘာ ၁၅ ရက်ဟာ ကမ္ဘာ့လူဦးရေ ၈ ဘီလီယံ ပြည့်မြောက်တဲ့နေ့လို့ သတ်မှတ်ထားပြီး ကမ္ဘာပေါ်မှာ လူဦးရေ ၈ ဘီလီယံပြည့် မွေးဖွားလာတဲ့ ကလေးငယ်က ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ ကုလသမဂ္ဂက စိစစ် စုံစမ်းနေဆဲပါ။ အရင်ကလည်း လူဦးရေ ၅ ဘီလီယံပြည့်၊ ၆ ဘီလီယံပြည့်နဲ့ ၇ ဘီလီယံပြည့် ကလေးငယ်တွေကို ရွေးချယ် ကြေညာခဲ့ဖူးပါတယ်။ 

လူပေါင်း သန်းနဲ့ချီ သေဆုံးတဲ့ ကိုဗစ်လို ကပ်ရောဂါဆိုးကြီးနဲ့ ကြုံတွေ့ခဲ့ပေမယ့် ကမ္ဘာပေါ်မှာ ကလေးနဲ့ သန္ဓေသား သေဆုံးမှုတွေ လျော့နည်းလာတာ၊ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေ ပိုမိုကောင်းမွန်လာတာကြောင့် ကမ္ဘာ့လူဦးရေ ဆက်လက် တိုးပွားမှုကို အထောက်အကူ ဖြစ်စေခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ 

တကယ်တော့ တစ်ကမ္ဘာလုံးက လူဦးရေ ၈ ဘီလီယံ အမှန်တကယ် ပြည့်မြောက်တယ် ဆိုတာကို အတိအကျ လိုက်လံ ရေတွက်ဖို့ မလွယ်ပေမယ့် ရှုထောင့်ပေါင်းစုံက ခန့်မှန်း တွက်ချက်မှုတွေအပြီး နိုဝင်ဘာ ၁၅ ရက်ကို လူဦးရေ ၈ ဘီလီယံပြည့်တဲ့ နေ့အဖြစ် ကုလသမဂ္ဂက ဆုံးဖြတ်ခဲ့ပါတယ်။ 

စာရင်းတွေအရ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်နဲ့ ညီမျှတဲ့ လူပေါင်း ၄ ဘီလီယံလောက်ဟာ တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ နိုက်ဂျီးရီးယားနဲ့ ဘရာဇီး ၇ နိုင်ငံမှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။ လောလောဆယ် တရုတ်က ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံးနိုင်ငံ ဖြစ်နေပေမယ့် အိန္ဒိယက အချိန်မရွေး ကျော်တက်သွားမယ့် အလားအလာတွေ ရှိနေပါတယ်။ 

ကမ္ဘာ့လူဦးရေက တိုးပွားလာနေပေမယ့် ဆင်းရဲချမ်းသာ မညီမျှမှု၊ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှု၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု အစရှိတဲ့ စိန်ခေါ်မှုတွေက ကမ္ဘာ့လူသားတွေအပေါ် ကြီးမားတဲ့ ဖိစီးမှုတွေ ဖြစ်ပေါ်နေစေတုန်းပဲလို့လည်း ကုလသမဂ္ဂက သတိပေးထားပါတယ်။