ကိုဗစ် ကူးစက် ခံထားရတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်း 

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်းဟာ ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း ဆေးစစ်ရလဒ် အဖြေ ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ 

သူဟာ ဖနွမ်ပင်မြို့မှာ အာဆီယံ ထိပ်သီး ညီလာခံအတွက် ဒေသတွင်းနဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံခေါင်းဆောင် တချို့ကို ကြိုဆို တွေ့ဆုံခဲ့ပြီး ရက်ပိုင်းအကြာမှာ ရောဂါကူးစက် ခံခဲ့ရတာပါ။ ဟွန်ဆန်းက G-20 ညီလာခံအတွက် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းကို ရောက်ရှိလာချိန် ဆေးစစ်တော့ Positive အဖြေ ထွက်ခဲ့တာပါ။ 

အရှေ့တောင်အာရှရဲ့ သက်တမ်း အရှည်ဆုံး နိုင်ငံခေါင်းဆောင်ဖြစ်သူ ဟွန်ဆန်းက သူဟာ နို​ဝင်ဘာ ၁၄ ရက် ညပိုင်းက ဆေးစစ်မှု ခံယူပြီး ရောဂါစွဲကပ်နေတယ်ဆိုတာ သိရှိခဲ့ကြောင်း Facebookမှာ ရေးသားထားပါတယ်။ သူ့အနေနဲ့ ဘာလီကို နောက်ကျမှ ရောက်ခဲ့တာ တစ်မျိုးတစ်ဖုံ ကောင်းခဲ့ကြောင်း၊ အခုတော့ G-20 ညီလာခံမှာ ဆွေးနွေးမယ့် ကိစ္စတွေကို ဖျက်သိမ်းလိုက်ကြောင်း ဟွန်ဆန်းက ဆိုပါတယ်။ 

ဟွန်ဆန်းဟာ G-20 ညီလာခံအပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပမယ့် အေပက် အစည်းအဝေးကိုပါ တက်ရောက်ဖြစ်တော့မှာ မဟုတ်ပါဘူး။ မူလက ဟွန်ဆန်းဟာ ဘာလီမှာ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန် အပါအဝင် နိုင်ငံခေါင်းဆောင် တချို့နဲ့ ညစာစားဖို့ စီစဉ်ထားခဲ့ပါသေးတယ်။ 

ဟွန်ဆန်းဟာ ဘယ်လိုဘယ်ပုံ ရောဂါကူးစက် ခံရသလဲဆိုတာ အတိအကျ မသိရပါဘူး။ သူဟာ ဆေးစစ်ရလဒ်ကြောင့်သာ ရောဂါဖြစ်နေမှန်း သိရပြီး ကျန်းမာရေး အခြေအနေက ပုံမှန်ပဲလို့လည်း ဟွန်ဆန်းက ဆိုပါတယ်။ ဟွန်ဆန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်၊ အာဆီယံ ညီလာခံမှာ ကမ္ဘာ့နိုင်ငံတချို့ရဲ့ ခေါင်းဆောင်တွေနဲ့ တစ်ဦးချင်း တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။