ဖူလ်ဟမ်ကို နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် 

 မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိရာသီ ခြေစွမ်းမညံ့လှတဲ့ ဖူလ်ဟမ်ရဲ့ အိမ်ကွင်းမှာ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလား မတိုင်ခင် နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဉ်ကို အနိုင်ရလဒ်နဲ့ နှုတ်ဆက်နိုင်ခဲ့ပါတယ်။

 ဒီပွဲမှာ ဖူလ်ဟမ်ဖက်က ပါရဲရားနဲ့ လူစားဝင် ကစားသမား ဂျိမ်းစ်တို့ကတော့ သူတို့ကျင်လည် ဖြတ်သန်းဖူးတဲ့ အသင်းဟောင်းနဲ့ ပြန်လည် ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ ပွဲချိန် ၁၃ မိနစ်မှာ ဖူလ်ဟမ် နောက်ခံလူတွေ ကြားထဲကနေ ဖာနန်ဒက်စ်က ခက်ခက်ခဲခဲ ပို့ပေးလိုက်တဲ့ ဘောလုံးကို အဲရစ်ခ်ဆန်က အဆုံးသတ် ကန်သွင်းပြီး ယူနိုက်တက်တို့ ပွဲကို ဦးဆောင်ပါတယ်။ ဒါဟာ ဒိန်းမတ် ကွင်းလယ် ကစားသမားရဲ့ ယူနိုက်တက်အတွက် ပထမဆုံး သွင်းဂိုးလည်း ဖြစ်ပါတယ်။ ပထမပိုင်းမှာ ယူနိုက်တက် အလယ်တန်းလူတွေဖြစ်တဲ့ အဲရစ်ခ်ဆန်နဲ့ ဖာနန်ဒက်စ်တို့ရဲ့ အတွဲအဖက်ဟာ ဖူလ်ဟမ်ကို အတော်လေး ဒုက္ခပေးနိုင်ခဲ့တာ တွေ့ရပါတယ်။

 ဒုတိယပိုင်း မိနစ် ၆၀ မှာတော့ ဖူလ်ဟမ်ရဲ့ ဘယ်ခြမ်းကနေ ကာနေ ဖြတ်ပို့လိုက်တဲ့ ဘောလုံးကို လူစားဝင် ကစားသမား ဂျိမ်းစ်က ပြေးဝင် ပိတ်သွင်းပြီး အိမ်ရှင်တွေအတွက် ချေပဂိုး ပြန်လည် သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ ဖူလ်ဟမ်ရဲ့ ကောင်းမွန်တဲ့ တိုက်စစ်ဆင် ထိုးဖောက်မှု တချို့ကို ဂိုးသမား ဒဟေးယား အစွမ်းပြ ကာကွယ်ခဲ့လို့လည်း ယူနိုက်တက်အတွက် သက်သာရာ ရစေခဲ့ပါတယ်။ တစ်ဂိုးစီ သရေနဲ့ပဲ ပွဲပြီးတော့မယ်လို့ ယူဆရတဲ့ အချိန် ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာ ယူနိုက်တက်ရဲ့ လူစားဝင် တောင်ပံတိုက်စစ် ကစားသမားလေး ဂါနာချိုက ဘယ်ခြမ်းကနေ တဟုန်ထိုး ထိုးဖောက်လာပြီး ဖူလ်ဟမ် ခံစစ်မှူးတွေကို ကျော်ဖြတ်ရင်း အနိုင်ဂိုးကို လှလှပပ ကန်သွင်းသွားခဲ့ပါတယ်။ ဒါဟာ ဂါနာချိုအတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပထမဆုံး ရရှိခဲ့တဲ့ သွင်းဂိုးလည်း ဖြစ်ပါတယ်။

 ဒီပွဲ အနိုင်ရလဒ်ကြောင့် ယူနိုက်တက်ဟာ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်အတွက် မျှော်လင့်ချက်တွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။