ခါဆွန်မှာ ရုရှားက စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ယူကရိန်း သမ္မတ စွပ်စွဲ

ခါဆွန်မြို့ထဲမှာ ရုရှား စစ်သားတွေက စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားလိုက်ပါတယ်။ 

ခါဆွန်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ခါဆွန်မြို့ကနေ ရုရှားတပ်တွေ ဆုတ်ခွာ ထွက်ပြေးသွားတဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်မှာ ယူကရိန်း တပ်တွေက ပြန်လည် သိမ်းပိုက်ခဲ့ပါတယ်။ လတ်တလောမှာတော့ ခါဆွန်မှာ ရုရှားတွေ ဖျက်ဆီးသွားတာတွေကို ပြန်လည် ပြုပြင် တည်ဆောက်နေပြီး မြေမြှုပ်မိုင်းတွေကို လိုက်လံ ရှင်းလင်းနေရပါတယ်။ 

ဇီလန်စကီးက လက်ရှိ ရထားတဲ့ သတင်း အချက်အလက်တွေအရ ရုရှားတပ်တွေဟာ ခါဆွန်မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ပြီး အရပ်သား ပြည်သူတွေကို သတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ် သိရှိထားတယ်လို့ ပြောပါတယ်။ 

စုံစမ်း ထောက်လှမ်းရေး အရာရှိတွေဟာ ရုရှားစစ်သားတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု ၄၀၀ လောက်ကို မှတ်တမ်း ပြုစုထားပြီး ဖြစ်ကြောင်း၊ ရုရှားတပ်တွေ တရားလက်မဲ့ သတ်ဖြတ်ထားတဲ့ အရပ်သားတွေနဲ့ ယူကရိန်း စစ်သားတွေရဲ့ ရုပ်အလောင်းကို ရှာဖွေ တွေ့ရှိနေပြီလို့လည်း ဆိုပါတယ်။ 

ရုရှားတပ်တွေဟာ အရင်က သူတို့ သိမ်းပိုက်ထားရာက လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေနည်းတူ ခါဆွန်မှာလည်း ကြမ်းကြုတ်ရက်စက်ပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားတဲ့ ဖျက်လိုဖျက်ဆီး ကိစ္စတွေကို ချန်လှပ်ထားခဲ့ကြောင်း ဇီလန်စကီးက ဝေဖန်ခဲ့ပါတယ်။ 

ရုရှားဖက်ကတော့ သူတို့ရဲ့ စစ်သားတွေဟာ ယူကရိန်း ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆန်ထားပါတယ်။ 

ခါဆွန်ကနေ ဆုတ်ခွာရခြင်းဟာ ရုရှားအတွက်တော့ ကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း တတိယမြောက် အရှက်တကွဲ ဆုတ်ခွာရတဲ့ ကိစ္စကြီး ဖြစ်လာပါတယ်။ ခါဆွန် ပြည်သူတွေက လွတ်လပ်ရေး ပြန်ရလို့ ပျော်ရွှင်နေပေမယ့် ရုရှားဖက်က လက်နက်ကြီးတွေ၊ ဒုံးကျည်တွေနဲ့ ရမ်းသမ်း ပစ်ခတ်လာနိုင်တဲ့အပေါ် စိုးရိမ်နေကြကြောင်းလည်း သိရပါတယ်။