လက်ဆောင်ပါဆယ်ထုတ်ထဲပါတဲ့ ဗုံးပေါက်ကွဲပြီး ကောလင်းမြို့နယ်တရားသူကြီးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်မှာ ဒီကနေ့ နိုဝင်လာ ၁၁ ရက် မနက်ပိုင်းကကောလင်းမြို့နယ်တရားရုံးက တွဲဖက်မြို့နယ်တရားသူကြီးဖြစ်သူ ဦးဘရန်ဆိုင်းဆီကို ပေးပို့လာတဲ့လက်ဆောင်ပါဆယ်ထဲက ဗုံးပေါက်ကွဲပြီး တရားသူကြီးသေဆုံးတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

ဒီကနေ့မနက်ပိုင်းက ကောလင်းမြို့နယ်တရားရုံးမှာ တွဲဖက်မြို့နယ်တရားသူကြီးဖြစ်သူ ဦးဘရန်ဆိုင်းထံကို မြစ်ကြီးနားမြို့က​နေ လက်​ဆောင်ပါဆယ်ထုပ်​ရောက်ရှိတယ်ဆိုပြီး အမျိုးသားတစ်ဦးက လာ​ရောက်ပို့​ဆောင်ခဲ့ တာဖြစ်တယ်လို့ ဒေသခံ​တွေဆီက သိရပါတယ်။

‘’ တရားရုံးထဲလက်ဆောင်ရောက်တယ်ဆိုပြီးဖွင့်ကြည့်လိုက်တာ။ ပေါက်ကွဲမှုဖြစ်ပြီးတရားသူကြီးကသေပြီး တရားရုံးဝန်ထမ်းကတော့ ဒဏ်ရာရသွားတယ်။ ကောလင်းမြို့ပေါ်မှာလည်းစစ်သားတွေ အစစ်အဆေးကြမ်းနေတယ်’’ လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။

စစ်​ကောင်စီရဲ့သတင်းတွေကို ဝါဒဖြန့်နေတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာလည်း ​ကောလင်းမြို့နယ်တရားရုံးမှာ ပေါက်ကွဲမှုဖြစ်တဲ့သတင်းနဲ့ တရားသူကြီးသေဆုံးတဲ့ သတင်းကိုထုတ်ပြန်ထားပြီး ပါဆယ်လာပို့သူကတော့ ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတယ်လို့ ပြောထားကြပါတယ်။

ကောလင်းမြို့နယ်တရားရုံးကို ပါဆယ်ဗုံးနဲ့ ​ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်​ဆောင်တယ်ဆိုတာကို​တော့ လတ်တ​လော မသိရသေးလို့ ထုတ်ပြန်ပြောဆိုတာလည်းမရှိသေးပါဘူး။

ကောလင်းမြို့နယ်အတွင်းမှာ တော့စစ် ​ကောင်စီတပ်​တွေနဲ့ ​ဒေသကာကွယ်​ရေးတပ်​တွေ၊ KIA/PDFs ပူး​ပေါင်းတပ်​တွေအကြား မကြာခဏတိုက်ပွဲ​တွေ ဖြစ်ပွားနေသလို စစ်ကောင်စီဘက်က ကျေးရွာနေအိမ်တွေကို မီးရှို့တာ၊ ဒေသခံပြည်သူတွေကိုဖမ်းဆီးပစ်ခတ်တာတွေ ဆက်ဖြစ်နေပါတယ်။

ဒါ့အပြင် ကောလင်းမြို့နယ်အတွင်း အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်း​တွေကိုလည်း စစ်​ကောင်စီက ဖြတ်​တောက်ထားတာလည်း လပေါင်းများစွာကြာမြင့်နေပြီလို့ ဒေသခံတွေကပြောပါတယ်။