ပုသိမ်မှာ အထည်ချုပ်စက်ရုံ ရုတ်တရက်ပိတ်လို့ လူ ရှစ်ရာနီးပါး အလုပ်လက်မဲ့ဖြစ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက် ကင်မ လင်းကျွန်း စက်မှုဇုန်မှာရှိတဲ့ Chai Moon Sport အထည်ချုပ်စက်ရုံဟာ အလုပ်သမားတွေကို ကြိုတင်အသိမပေးပဲ ရုတ်တရက် ပိတ်သိမ်း လိုက်တာကြောင့် အလုပ်သမား (၇၈၀) ကျော်အလုပ် လက်မဲ့ဖြစ်ပြီး အခက်အခဲတွေရှိနေတယ်လို့ အဲ့ဒီစက်ရုံ အလုပ်သမားတွေက DNA ကို ပြောပါတယ်။

စက်ရုံဘက်က အလုပ်သမားတွေကို ကြိုအသိမပေးပဲ ရုတ်တရက်ပိတ်ထားလိုက်ပြီး အလုပ်သမားအ တွက် နစ်နာကြေးတွေ ထုတ်မပေးတာ လူမှုဖူလုံရေးကြေးတွေ ထုတ်မပေးတာ၊ စက်ရုံပြန်လည်ပတ်မယ့်အချိန်ကို မပြောနိုင်သေးတာ၊ရပ်နားလိုက်တဲ့ ကာလအတွင်း အလုပ်အကိုင်သစ် မရရှိနိုင်တာတွေကြောင့် အခက်အခဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

လည်ပတ်မှုရပ်နားတာနဲ့ပတ်သက်လို့ စက်ရုံတာဝန်ရှိသူတွေက အော်ဒါမရလို့ တပတ်ပိတ်တယ်လို့ နိုဝင်ဘာ (၂)ရက်မှာပြောခဲ့ပြီး တပတ်ကြာပိတ်ပြီးချိန်မှာတော့ နှစ်လပိတ်မယ့်အကြောင်းထပ်အသိပေးလာတယ်လို့ စက်ရုံ အလုပ်သမားခေါင်းဆောင်တဦးက ပြောပါတယ်။

အဲ့ဒိစက်ရုံမှာ ပုသိမ်၊ကန်ကြီးထောင့်၊ ငပုတော၊ သာပေါင်း စတဲ့မြိုနယ်တွေဘက် ရွာတွေကနေ လာရောက်လုပ်ကိုင်နေတဲ့ အလုပ်သမား ၇၅ ရာခိုင်နှုန်းလောက်အထိရှိပြီး အဆောင်ငှားနေတဲ့ အထည်ချုပ်အလုပ်သမားတွေ၊ မိ သားစုလိုက် လာရောက်ရွှေ့ပြောင်း အလုပ်လုပ်နေသူတွေ ၊ စက်ရုံကရတဲ့ လစာကိုပဲအားထားနေရသူ အများစုရှိနေတယ်လို့ ဆိုပါတယ်။

စက်မှုဇုန်အတွင်း စားသောက်ကုန်ရောင်းချတဲ့ ဆိုင်တွေက စက်ရုံလုပ်သားတွေကို လစာထုတ်ရက်မှာ ရှင်းပေးရတဲ့ တစ်လဆိုင်း အကြွေးစနစ်နဲ့ ဆန်၊ စားသောက်ကုန်တွေကို ရောင်းချပေးခဲ့ပေမယ့် အခု စက်ရုံပိတ်သွားတာကြောင့် လဆိုင်းနဲ့ မရောင်းပေးတော့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် စက်ရုံလုပ်သားတွေကို အရစ်ကျစနစ်နဲ့ ရောင်းချထားတဲ့ ပုသိမ်မြို့က ဖုန်းဆိုင်၊ စက်ဘီးဆိုင်နဲ့ ဆိုင်ကယ်ဆိုင်တချို့လည်း စက်ရုံပိတ်လိုက်တာကြောင့် ရောင်းသူနဲ့ ဝယ်သူအကြား ငွေရေးကြေးရေး အခက်အခဲတွေ ရှိလာတယ်လို့ ဆိုပါတယ်။
“ဘာလုပ်ရကိုင်ရမှန်း မသိသေးဘူး၊ အလုပ်လုပ်ချင်တယ်၊ ဘာလုပ်ရမလဲ ၊အလုပ်အကိုင် ရှာရခက်တယ်” လို့ အဲ့ဒီစက်ရုံက အလုပ်သမား တစ်ဦးက ပြောပါတယ်။

အော်ဒါအမှာ မလာတော့လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ လက်ရှိပိတ်သိမ်းထားတဲ့ Chai Moon Sport အထည် ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားတစ်ဦး ပိုင်ဆိုင်တဲ့ စက်ရုံဖြစ်ပြီး အနောက်ဥရောပ နိုင်ငံ တွေနဲ့ တောင်ကိုရီးယားနိုင်ငံတို့ကို အထည်တွေကိုတင်ပို့နေတာ ဖြစ်တယ်လို့ အလုပ်သမားရေးရာရုံး ကသိရပါတယ်။

ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက်က ကင်မလင်းကျွန်း စက်မှုဇုန်နဲ့ အမှတ် ၁၂ ရပ်ကွက်မှာရှိတဲ့ ပုသိမ်စက်မှု ဆိပ်ကမ်းမြို့တော် စက်မှုဇုန်တို့မှာ အထည်ချုပ်စက်ရုံ ၁၅ ရုံ ဝန်းကျင်ရှိနေပြီး တချို့စက်ရုံတွေ လည်း အထည်အမှာ အော်ဒါနည်းပါးလာတာကြောင့် လာမယ့်မတ်လအတွင်းမှာ လုပ်သားလျှော့ချတာတွေနဲ့ ပိတ်သိမ်းတာတွေ ဖြစ်လာနိုင်တယ်လို့ အထည်ချုပ်လုပ်ငန်းနဲ့ နီးစပ်သူတွေက သုံးသပ်ကြပါတယ်။

စစ်အာဏာသိမ်းကာလအတွင်း စက်ရုံတွေက အလုပ်သမားတွေကို နစ်နာကြေးအပြည့်မပေးဘဲ ပိတ်သိမ်း၊ အလုပ်ထုတ်တာတွေ မကြာမကြာဖြစ်နေတယ်လို့ အလုပ်သမားအရေးလူပ်ရှားသူတွေက ဆိုပါတယ်။

အာဏာသိမ်းကာလအတွင်း ပိတ်သိမ်းတဲ့စက်ရုံ (၅၀) ဝန်းကျင်ရှိပြီးအလုပ်သမားဦးရေ တသန်းခွဲထက် မနည်းအလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့( ILO) စာရင်းတွေက ဆိုပါတယ်။