လက်ရှိ ချန်ပီယံ ပြင်သစ်ရဲ့ ကမ္ဘာ့ဖလား လူစာရင်း ထုတ်ပြန်

လက်ရှိ ချန်ပီယံ ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် လူစာရင်းကို ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ လေ့လာသူ အများစုကတော့ ပုံမှန် အခြေအနေမှာ ပြင်သစ်အတွက် အားအကောင်းဆုံး စုဖွဲ့မှုလို့ ဆိုနိုင်တဲ့ ကွင်းလယ်အင်အားဟာ ဒဏ်ရာ ပြဿနာတွေကြောင့် အားအနည်းဆုံး ဖြစ်သွားကြောင်း သုံးသပ်နေကြပါတယ်။ 

ပြင်သစ်မှာ အဓိက ကွင်းလယ်လူတွေလို့ ဆိုရမယ့် ပေါလ်ပေါ့ဂ်ဘာရော၊ အန်ဂိုလို ကန်တေးပါ ကာလရှည်ကြာ အနားယူနေရပြီး ဒဏ်ရာ အကင်းမသေတာကြောင့် လက်ရွေးစင် အသင်းနဲ့ မပူးပေါင်းနိုင်တော့ပါဘူး။ ဒါကြောင့် အသင်းနည်းပြ ဒီဒီရာ ဒက်စ်ချမ့်စ်ဟာ ခြေစွမ်း ကောင်းမွန်ပေမယ့် အတွေ့အကြုံပိုင်း လိုအပ်ချက်တွေ ရှိနေနိုင်သေးတဲ့ လူငယ် ကွင်းလယ် ကစားသမားလေးတွေကိုပဲ ကာတာနိုင်ငံဆီ ခေါ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

ပြင်သစ် ကွင်းလယ်လူ ၆ ယောက်မှာ အက်ဒရီယန် ရာဘီယော့နဲ့ ဂျော်ဒန် ဗီရီတော့ဒ်တို့ နှစ်ဦးသာ အသက် ၂၇ နှစ်အထက် အရွယ်တွေဖြစ်ပြီး ကျန်တဲ့ ၄ ယောက်က အသက် ၂၃ နှစ်အောက်တွေချည်းပါပဲ။ ပြင်သစ် ကွင်းလယ်မှာ ပွဲအများဆုံး ကစားဖူးထားတဲ့ ရာဘီယော့တောင် လက်ရွေးစင်အတွက် ၂၉ ကြိမ်သာ ကိုယ်စားပြုဖူးပါတယ်။ တစ်နည်းအားဖြင့် လက်ရှိကွင်းလယ် စုဖွဲ့မှုဟာ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက အမာခံ ကစားခဲ့တဲ့ ပေါ့ဂ်ဘာ-ကန်တေး ကွင်းလယ် အတွဲအဖက်ကို လိုက်မီဖို့ ဖြစ်နိုင်ခြေ မရှိသလောက် နည်းပါတယ်။ 

ကစားသမား အရင်းအမြစ် ကြွယ်ဝလွန်းတဲ့ ပြင်သစ်အတွက် ဂိုးသမား၊ နောက်တန်းနဲ့ ရှေ့တန်း နေရာတွေကတော့ ရွေးချယ်စရာတွေတောင် ပိုလျှံနေသေးတယ်လို့ ဆိုနိုင်ပါတယ်။ နောက်တန်းမှာ ကြံ့ခိုင်မှုပိုင်း နည်းနည်း ပြဿနာ ရှိနေနိုင်တဲ့ မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ရာဖာရဲလ် ဗရာနေးကို ဒက်စ်ချမ့်စ်က ပြန်ရွေးချယ်လာပါတယ်။ တိုက်စစ်မှာလည်း လက်ရှိ ရွှေဘောလုံး (Ballon d’Or)ဆုရှင် ကာရင် ဘန်ဇီးမားအပြင် ကိုင်လီယန် အမ်ဘက်ပီ၊ အန်တိုနီယို ဂရိဇ်မန်းတို့လို ထိပ်တန်း ကစားသမားတွေ ပါဝင်လာတာကို တွေ့ရပါတယ်။

ချန်ပီယံဆု ၂ ကြိမ် ရခဲ့ဖူးတဲ့ ပြင်သစ်ဟာ ကမ္ဘာ့ဖလား အုပ်စု(ဃ)မှာ ဩစတြေးလျ၊ ဒိန်းမတ်၊ တူနီးရှား အသင်းတွေနဲ့အတူ ကျရောက်နေပါတယ်။ ပြင်သစ်ရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ၂၅ ဦး လူစာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 

ဂိုးသမား – ဟူဂိုလောရစ်၊ စတိဗ်မန်ဒန်ဒါ၊ အယ်လ်ဖွန်စီအာရီရိုလာ 

နောက်တန်း – ရာဖာရဲလ်ဗရာနေး၊ ဘင်ဂျမင်ပါဗက်၊ လူးကက်စ်ဟာနန်ဒက်ဇ်၊ ပရက်စ်နဲလ်ကင်ပမ်ဘီ၊ ဂျူးလ်စ်ကွန်ဒေး၊ သီယိုဟာနန်ဒက်ဇ်၊ ဝီလီယမ်ဆာလီဘာ၊ ဒါယော့အူပါမီကာနို၊ အီဘရာဟင်ကွန်နာတေး 

ကွင်းလယ် – အက်ဒရီယန်ရာဘီယော့၊ ဂျော်ဒန်ဗီရီတော့ဒ်၊ အော်ရီလီယန်ချူအာမန်နီ၊ မက်တီယိုဂွမ်ဒူဇီ၊ အက်ဒွာဒိုကာမာဗင်ဂါ၊ ယူဆွတ်ဖ်ဖိုဖာနာ 

တိုက်စစ် – အိုလီဗီရာဂျရူး၊ အန်တိုနီယိုဂရိဇ်မန်း၊ ကာရင်ဘန်ဇီးမား၊ ကိုင်လီယန်အမ်ဘက်ပီ၊ ကင်စလေကိုးမန်း၊ အူစ်မာနေဒမ်ဘီလီ၊ ခရစ္စတိုဖာအန်ကူကူ