ဆယ်ယူရရှိလာတဲ့ မြောက်ကိုရီးယား ဒုံးကျည်ဟာ ခေတ်မမီတဲ့ အမျိုးအစားလို့ တောင်ကိုရီးယားဆို  

မြောက်ကိုရီးယားက စမ်းသပ် ပစ်ခတ်ခဲ့တဲ့ တာတို ပဲ့ထိန်းဒုံး တစ်စင်းရဲ့ အစိတ်အပိုင်းတွေကို ပင်လယ်ကြမ်းပြင်အောက်ကနေ ဆယ်ယူရရှိခဲ့ကြောင်း တောင်ကိုရီးယား ရေတပ်က အတည်ပြုပါတယ်။ 

ကနဦး လေ့လာမှုတွေအရ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဟာ လောင်စာ အရည်ကို အသုံးပြုပြီး ခေတ်မမီတဲ့ စစ်လက်နက် အဆင့်မျိုးမှာ ရှိနေတာကို တွေ့ရတယ်လို့လည်း တောင်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေး ဌာနက ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲဘ သီတင်းပတ်မှာ မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းဒုံးတစ်စင်း အပါအဝင် ဒုံးကျည်တချို့ကို စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။ 

အခုသီတင်းပတ် အစောပိုင်းမှာ ရေတပ်ရဲ့ ရေငုပ်သမားတွေ ဆယ်ယူလာတဲ့ အစိတ်အပိုင်းတွေဟာ တာတိုပစ် ပဲ့ထိန်းဒုံးရဲ့ လောင်စာရည် သိုလှောင်မှုစနစ် အောက်နားက အပျက်အစီးတွေ ဖြစ်တယ်လို့ တောင်ကိုရီးယား စစ်ဘက် တာ​ဝန်ရှိသူ တချို့က ပြောပါတယ်။ ဒုံးကျည်ဟာ အရမ်း ခေတ်ရှေ့ပြေးတဲ့ နည်းပညာမျိုးနဲ့ တည်ဆောက်ထားတာ မဟုတ်ဘူးလို့လည်း လက်နက် ပါရဂူတွေက သုံးသပ်ပါတယ်။ 

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မအောင်မြင်တဲ့ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း အပါအဝင် ဒုံးကျည် တော်တော်များများရယ်၊ ရာနဲ့ချီတဲ့ လက်နက်ကြီး ကျည်ဆန်တွေရယ်ကို ပင်လယ်ပြင်ဖက် ပစ်ခတ်ပြီး စစ်အင်အား ပြသခဲ့ပါတယ်။ ဒါဟာ ကိုရီးယား ကျွန်းဆွယ်နားမှာ ပူးပေါင်း စစ်ရေးလေ့ကျင့်နေတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို ခြိမ်းခြောက် တုံ့ပြန်တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ် ဒုံးကျည် စမ်းသပ်မှုတွေမှာ မြောက်ကိုရီးယား ဒုံးကျည်တစ်စင်းဟာ တောင်ကိုရီးယား ရေပိုင်နက် အလွန်နားမှာ ပထမဆုံးအကြိမ် ကျရောက်ခဲ့ပါတယ်။ မြောက်ကိုရီးယားက အဲဒီလို လက်နက် စမ်းသပ်မှုတွေဟာ တောင်ကိုရီးယားကို စစ်ဆင် တိုက်ခိုက်တဲ့ သရုပ်တူ လေ့ကျင့်မှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့လည်း ပြောကြားသွားပါတယ်။