ဝက်လက်နယ် ပိတောက်ချုံကျေးရွာကို စစ်တပ်က မီးရှို့လို့ အိမ်ခြောက်ဆယ်ကျော်ပျက်စီး

စစ်ကိုင်းတိုင်း၊ ဝက်လက်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ပိတောက်ချုံကျေးရွာကို စစ်တပ်က ဒီကနေ့ နိုဝင် ဘာ (၈)မနက်ပိုင်းမှာ မီးရှို့လို့ နေအိမ် (၆၁) လုံး ပျက်စီးသွားတယ်လို့ ရွာခံတဦးက DNA ကိုပြောပါတယ်။

စစ်ကောင်စီတပ်ကအင်အား (၁၂၀) ဝန်းကျင်လောက်နဲ့ရွာထဲကို စစ်ကြောင်းထိုးဝင်ရောက် ဖျက်ဆီးခဲ့တာဖြစ်ပြီး နေအိမ်တွေကို မီးရှို့ခဲ့သလို စစ်ကြောင်းနဲ့တိုးတဲ့ ဒေသခံ အမျိုးသားတဦးကိုလည်း ဖမ်းခေါ်သွားတယ်လို့ ပိတောက်ချုံရွာခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသားဟာ ပိတောက်ချုံရွာအနီးက ရွာသစ်ကျေးရွာမှာနေထိုင်သူ ဖြစ်တယ်လို့သိရပါတယ်။

ပိတောက်ချုံရွာကို စစ်ကောင်စီတပ်က တလမပြည့်ခင်မှာပဲ နှစ်ကြိမ်တိုင် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလလယ်မှာ စစ်တပ်က ဝက်လက် အရှေ့ခြမ်းကျေးရွာတွေကို သုံးရက် ကြာ စစ်ကြောင်းထိုးချိန်မှာလည်း အဲ့ဒီရွာကိုမီးရှို့ခဲ့လို့ နေအိမ်ခြောက်လုံး ပျက်စီးခဲ့ပါသေးတယ်။

အဲ့ဒီရွာကို မီးရှို့သွားတဲ့စစ်ကောင်စီတပ်ဟာ စစ်ကြောင်းဆက်ထွက်သွားပြီးနောက် စပါးတောင်ကျေးရွာက ဘုန်းကြီးကျောင်းအတွင်းမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

“အခုတော့ရွာထဲကိုပြန်ဝင်နေလို့ရပြီ” လို့ ပိတောက်ချုံရွာသားတစ်ဦးက ဒီကနေ့ ညနေပိုင်းမှာပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်က မီးရှို့ဖျက်ဆီးလို့ လူနေအိမ်တွေနဲ့အဆောက်အအုံတွေ ပျက်စီးမှုမှာ စစ် ကိုင်းတိုင်းက အများဆုံးဖြစ်တယ်လို့ စောင့်ကြည့် ရေးအဖွဲ့တွေက ထုတ်ပြန်တဲ့အချက်အ လက်တွေမှာဖော်ပြပါတယ်။