နိုင်ငံခြားမှာ အခြေချနေတဲ့ (၈၈)အတူ တောခို အေဘီရဲဘော်ဟောင်းငယ်သူငယ်ချင်းက အရင်တစ်ပတ်က မေးတယ်။ ဖေ့စ်ဘုတ်မှာ နိုင်ငံရေးအခြေအနေတွေမရေးတော့ဘူးလားတဲ့။ တခြား သူငယ်ချင်း၊ မိတ်ဆွေတချို့ကလည်း အဲသလို လှမ်းမေးတာရှိပါတယ်။ တကယ်လည်း ရေးရမှာ စိတ် မပါတာ ရှိသလို။ရေးပြီးမတင်ဖြစ်ဘဲထားလိုက်တာတွေလည်း များလာပါတယ်။ ရေးစရာမရှိလို့ မဟုတ်ဘူး။ရေးရမှာ လက်တွန့်နေတာပါ။
တော်လှန်ရေးကို စိတ်ဓာတ်တက်ကြွအောင် မရေးဘူး၊ အဆိုးမြင်တယ်ဆိုပြီးအရင်းမသိ၊ အဖျားမသိတွေက ဆရာလုပ်ကြမှာရယ်၊ နိုင်ငံအနှံ မြို့ပေါ်ရော၊ ကျေးလက်မှာပါအသက်ပေးတိုက်ပွဲ ဝင်နေကြတဲ့ လေးစားစရာ လူငယ်လေးတွေ စိတ်ဓာတ်ကျသွားမှာကိုစိုးရိမ်တာကြောင့်လည်း ရေးပြီး မတင်ဖြစ်ပဲ ထားထားခဲ့တာ၊ ဖျက်ပစ်လိုက်တာတွေ၊ only me ထားတာတွေပဲ များနေပါပြီ။ ဒါပေမဲ့ အတော်စိုးရိမ်စရာ အခြေအနေ ဖြစ်လာနေလို့ ခုတော့ နည်းနည်းတော့ ပြောပြချင်တယ်။ အခုလို ရေးတာ ဘယ်သူ့ကို ဘယ်အဖွဲ့ကိုမှမလိုမုန်းထားလို့၊ တိုက်ခိုက်ချင်လို့ မဟုတ်ဘဲ၊ တော်လှန်ရေးအကျိုးကို ဦးတည်ပြီးရေးလိုက်ရတာပါ။ ဒါပေမယ့် စကစရော၊ စကစရဲ့ တြိုဂျင်တော်လှန်ရေးသမားအယောင်ဆောင်တွေကရော အတော်တော့ ကြိုက်ကြမှာ ဟုတ်ပါဘူး။(သူတို့ကျိတ်လုပ်နေတဲ့ လူမသိစေချင်တဲ့ အစီအစဥ်တွေမို့) အမျိုးမျိုး ကလန်ကြမှာ ပုံဖျက်၊ဝေဖန်ကြမှာလည်း မျှော်လင့်ထားပါတယ်။
ကျနော် လွန်ခဲ့တဲ့ မတ်လက နိုင်ငံရေးအခြေအနေအပေါ်အမြင်ကို နောက်ဆုံးရေးခဲ့ပါတယ်။ ဆာဆာကာဝါရဲ့ဇင်းမယ်မှာ လုပ်တဲ့ အီးအာအိုတွေနဲ့ ဆွေးနွေးပွဲနဲ့ ဆက်စပ်ပြီးအရေးကြီးအချက် တချို့ကို ရေးခဲ့တာပါ။ အဲပို့စ်ထဲ တစ်ချက်က စကစ ရဲ့လမ်းပြမြေပုံအဆင့် (၅) ငြိမ်းချမ်းရေး လုပ်ငန်း စဥ်ပါ။ အဲဒီထဲမှာရေးခဲ့တာ အဲဒီပွဲဟာစကစအနေနဲ့ သူ့ဘက်မှာ အဓိကတိုင်းရင်းသား လက်နှက်ကိုင် အီးအာအိုတွေမပါကြသေးတာမို့ ထပ်ပြီးကြိုးစားတဲ့ အစီစဥ်နဲ့ လက်ရှိနွေဦးတော်လှန်ရေး ဦးဆောင်တပ်ပေါင်းစု ဖြိုခွဲရေး အဓိက ပလန်ပါပဲ။
အဓိကအနေနဲ့ အီးအာအိုထဲ KNU ကို တစ်ခုလုံးဖြစ်စေ၊ တစိတ်တပိုင်းဖြစ်စေကွဲထွက်ပြီး သူ့ဘက်ပါလာဖို့နဲ၊ အဓိကနိုင်ငံရေးပါတီ NLD ကို တစိတ်တစ်ပိုင်း NUCCကနေဖဲ့ထုတ်ဖို့၊ သူ့ရွေးကောက်ပွဲကို ခေါင်းလျှိုဝင်လာဖို့ပါ။ ဒီပို့စ်အထဲမှာ ကျွန်တော်ကတော့NUCC ကနေ NLD တစ်စိတ် တစ်ပိုင်းက ပဲ့ထွက်သွားနိုင်တယ်လို့ ရေးထားခဲ့ပါတယ်။အဓိကကတော့ စကစရဲ့ ဗျူဟာက တော်လှန်ရေးခေါင်းပိုင်းကို ဖျက်ဆီးရေး အစီအစဥ်ပါ။ဒါပေမဲ့ ကံကောင်းတာက NLD အနေနဲ့ရွေးကောက်ပွဲ ဝင်ပြီး စကစနဲ့ ပူးပေါင်းမယ့်(ပြည်တွင်းအုပ်စု)က အားမရှိ၊ မီးစိမ်းမရှိဘဲ ရှေ့ဆက်တိုးမရ ဖြစ်နေတာကြောင့်စကစလည်း ဘာမှ ဆက်လုပ်လို့မရ ဖြစ်ခဲ့တယ်။ အာဆီယံကိုယ်စားလှယ်ရော၊ ဝမ်ယိရောစီစဥ်နေတဲ့ တွေ့ဆုံဆွေးနွေးရေး၊(၂၀၂၃) ရွေးကောက်ပွဲ သစ်မှာ NLDပါဝင်လာရေးကြိုးစားမှု အစီစဥ်တွေ ပျက်ပြီး သူတို့အားလုံး ရှေ့တိုးမရပဲစိတ်ညစ်နေသွားရတဲ့ အခြေအနေပါပဲ။
ဒီအခြေအနေကြောင့် စကစဟာ သူ့အစီစဥ်မအောင်မြင်တော့ပေမယ်လည်းသူ့မူလအစီစဥ် ဖြစ်တဲ့ တော်လှန်ရေး ဦးဆောင် တပ်ပေါင်းစု NUCC ကနေ NLD ပဲ့ထွက်ရေး၊KNU ပဲ့ထွက်ရေး ဆက်ပြီးကြိုးစားခဲ့ပါတယ်။ KNU ကို စောမူတူးဆေးဖောရယ်၊ KNU (PC)ဆိုတာရယ်ကနေ ဆက် ကြိုးစားပါတယ်။ ကြိုးစားပေမဲ့လည်း KNU ကို NUCC ကနေပဲ့ထွက်ရေးကို ထိထိရောက်ရောက်တော့ အခုအချိန်ထိ မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့မထင်မှတ်ဘဲ သူ့ရည်ရွယ်ချက်တစ်ခုကတော့ နောက် (၂) လ (၃)လ အကြာမှာအောင်မြင်မှုရလိုက်ပါတယ်။ အဲဒါကတော့ NUCC ကနေ NLD တရားဝင်နုတ်ထွက်သွားခြင်းပါ။ ကျနော်တို့က တစ်စိတ်တစ်ပိုင်း ပဲ့ထွက်မယ် မှန်းထားပေမဲ့၊ ပါတီတစ်ခုလုံးပြုတ် ထွက်သွားတာပါ။ ကံမကောင်းတဲ့တိုက်ဆိုင်မှု အဖြစ်ပျက်တစ်ခုလို့ပဲသဘောထားခဲ့ပါတယ်။ ဒီအဖြစ်ဟာ အကြမ်းဖက် စကစအတွက်တော့ အကြီးအကျယ်အမြတ်ထွက်သွားခဲ့ရတာတော့ ဘယ်သူမှ ငြင်းမရပါဘူး။
နောက်ပြီး သူ့စီမံကိန်းကို ရှေ့ဆက် တိုးတော့တာပါပဲ။ NLD ဟာ NUCC အဖြစ်စတင်စုစည်းခဲ့ တဲ့ ပါတီ (၂ )ခုထဲက(၁) ခုဖြစ်ပါတယ်။ ကျန်ပါတီကတော့ DPNS ပါတီပါ။အရေးကြီးဆုံး နိုင်ငံရေး ပါတီ NLD ဟာ NUCC ကအကြောင်းပြချက်တချို့နဲ့မဟာမိတ်သဘောပဲ နေတော့မယ် NUCC အဖွဲ့ဝင်အဖြစ် မပါတော့ဘူးဆိုကာနုတ်ထွက်ခဲ့တာပါ။ NLD စာတမ်းတစ်ခု ဂယက်ကြောင့်လို့ ဝေဖန် တာရှိသလို၊ အချို့ရဲ့သုံးသပ်ချက်ကတော့ NUCC ထဲမပါဝင်တော့တာဟာ တစ်ချိန်မှာ ပါတီခေါင်းဆောင်ပိုင်းတွေထောင်ကပြန်လွတ်တဲ့အချိန်အတွက် ပလက်ဖောင်းတစ်ခုအဖြစ်ပါတီ ရှိနေဖို့လိုတဲ့စိုးရိမ်မှုတွေကြောင့် ဖြစ်နိုင်မယ်လို့ မှန်းဆကြပါတယ်။ ဒီသုံးသပ်ချက်တွေ မှန်တယ် မှားတယ်မပြော လိုပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် တကယ်တမ်း NUCC ကို ဦးဆောင်ခဲ့တဲ့ အရေးကြီးဆုံး ပါတီကြီးတစ်ခုအနေနဲ့ NUCC တပ်ပေါင်းစုထဲ နိုင်ငံရေးစည်းရုံးမှုတွေ တိုးချဲ့ပြီး လက်ရှိထက်ပါတီတွေ၊ နိုင်ငံရေး အင်အားစုအသစ်တွေကို ထပ်တိုးပြီး အားကောင်းမောင်းသန်စည်းရုံးစုစည်း ဦးဆောင်ရမယ့် အချိန် မှာမှ နှုတ်ထွက်လိုက်တာကြောင့် အားမတိုးဘဲလျော့သွားခဲ့ပါတယ်။ ပြည်သူနဲ့တော်လှန်ရေးအင်အားစုတွေလည်းစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ CRPH အနေနဲ့တော့ NUCC မှာဆက်ရှိနေမှာပါလို့တော့ပြည်သူကို နှစ်သိမ့်ပေးခဲ့ပါတယ်။ ဒီအခြေအနေမှာပဲ စကစ အကြမ်းဖက် အုပ်စုဟာဒီအခြေအနေကို တော်လှန်ရေး ဦးဆောင်မှုပိုင်း ဖြိုခွဲဖျက်ဆီးရေးဆိုတဲ့ သူတို့ရဲ့လုပ်ငန်းစဥ်အတွက် အများကြီး အခွင့်အရေးတွေရလာခဲ့တယ်။
တော်လှန်ရေးဦးဆောင်မှုချည့်နဲ့ ဖြိုခွဲရေးအတွက် ရှေ့ဆက်တိုးခဲ့ကြ ပါတယ်။ လက်ကျန် CRPH ကိုလည်း NUCC က ထပ်ပြီး နုတ်ထွက်ရေး၊ အီးအာအိုအဖွဲ့တွေထဲက လည်း ထပ်ပဲ့ထွက်နိုင်ရေး အကြီးကျယ် ဆက်ပြီး ကြိုးစားမယ့်ပုံ ရှိပါတယ်။အခုအချိန်အထိလည်း KNU ကို နည်းလမ်းပေါင်းစုံနဲ့ ပဲ့ထွက်ဖို့ စည်းရုံးနေပေမယ့် စကစ ဟာမအောင်မြင်ခဲ့ပါဘူး။ အဲဒီ အချိန်မှာတော့ NUCC ထဲက နဂိုလ်သဘောထားကွဲလွဲမှုအဖုအထစ်ရှိခဲ့တဲ့ NLD ပါတီ၊ CRPH နဲ့ တစ်ဖက်က သပိတ်အင်အားစု၊အရပ်ဖက်အဖွဲ့စည်းအင်အားစုတွေကြား ပိုပြီးသွေးကွဲဖို့ အမျိုးမျိုး သပ်လျှိုသွေးခွဲတာ၊သွေးထိုးမြှောက်ပင့် ပေးတာတွေ ဆက်လုပ်လာနိုင်ပါတယ်။ တကယ်တမ်းတော့အရပ်ဘက်အဖွဲ့ထဲက အချို့မှာ ပြဿနာ အခံလေးတွေ ရှိနိုင်ပေမဲ့ ပြဿနာကြီးကြီးမားမားမရှိခဲ့ဘူးလို့ မှန်းဆရပါတယ်။ တော်လှန်ရေးမျက်နှာကို ကြည့်ပြီး ပြန်ညှိနှိုင်း ညီညွတ်လို့ရနိုင်မယ့်အခြေအနေရှိပေမဲ့ အစေးမကပ်အောင် အမျိုးမျိုး သပ်လျှိုသွေးခွဲနေအုံးမှာပါ။
NLD ဟာလူထု ရွေးခံရတဲ့သူတွေ လက်ဂျစ်တမက်စီ အပြည့်ရှိသူတွေဖြစ်လို့၊ဘာမှနိုင်ငံရေး မရှိ လူထုမရွေးတဲ့သူတွေနဲ့ တန်းတူ မဖြစ်သင့်ဘူး၊ (လက်မတွဲသင့်ဘူးလို့ပြောချင်တာ) အဲဒီလို သွေးထိုးမြှောက်ပင့် သပ်လျှိုသွေးခွဲမှုတွေလည်း ရှိနေကြတယ်။CSO တွေ၊ နိုင်ငံရေးနားမလည်ဘူး နေရာလာဦးတယ်ဆိုတဲ့ စွပ်စွဲချက်တွေကလည်းမသိတဲ့သူတွေဖို့ ပိုအထင်မှားအောင် လုပ်သလိုပါပဲ။ အဲဒီစွပ်စွဲချက်ထဲကလို အရပ်ဖက်အဖွဲ့တစ်ခုတလေ ရှိနိုင်ပေမဲ့ NUCC ထဲ ပါနေတဲ့ အဓိကအရပ်ဖက် အဖွဲ့တွေ၊ သပိတ်အဖွဲ့တွေဟာ၈၈ ကာလ ၉၆ ကာလ နိုင်ငံရေးလှုပ်ရှားမှုတွေထဲက ဦးဆောင်ပါဝင်ခဲ့သူတွေ၊ N LDအတိုက်အခံဘဝက အမာခံနိုင်ငံရေးပါတီဝင်တွေသာ များပါတယ်။ အများစုက နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံရှိတဲ့ သူတွေပါ။ ထားပါတော့ ဒီကိစ္စတွေနောက်မှသပ်သပ်ဆွေးနွေးတာ ကောင်းပါတယ်။
အဲဒီလို အခြေအနေမှာ အကြမ်းဖက်စစ်အုပ်စုကို ဘုံရန်သူအဖြစ် သတ်မှတ်စုစည်းထားတဲ့ တပ်ပေါင်းစုပုံစံ တည်ရှိနေတဲ့ NUCC ကို ထပ်မံ ဖြိုခွဲရေးနဲ့၊ လုံးလုံးမပြိုကွဲရင်တောင် ဘာမှရှေ့ဆက် ထိထိရောက်ရောက် အလုပ်မလုပ်နိုင်ရေး၊ အဖွဲ့တွင်းမှာအချင်းချင်း မညီမညွတ်ဖြစ်ရေး အပြန်အလှန် အားပြိုင်နေရေးတွေဖြစ်ဖို့ နည်းပေါင်းစုံလက်ပေါင်းစုံနဲ့ ဆက်ပြီး သပ်လျှိုသွေးခွဲဖို့ ကြိုးစားလာတဲ့ ပုံစံတွေလည်း ရှိနေပါတယ်။NUCC ဟာ ပထမအကြိမ် ညီလာခံအပြီး မဟာမိတ် အင်အားတိုးချဲ့မှုနဲ့အားကောင်းမောင်းသန် လုပ်ငန်းဆောင်ရွက်မှုတွေ ဘာမှဆက်မလုပ်နိုင်ခဲ့သလိုဒုတိယအကြိမ် ညီလာခံကို တောင် မခေါ်နိုင်ဘဲ သူ့ပြဿနာနဲ့သူ အတွင်းမှာပဲ အလုပ်ရှုပ်တိုင်ပတ်နေတဲ့ ပုံစံ ဖြစ်လာတယ်လို့ မြင်ပါတယ်။ စကစ ဖြစ်စေချင်သလိုပုံစံဖြစ်လာနေတယ်လို့ သုံးသပ်ရမယ့်ပုံပါပဲ။
ထူးခြားတာကတော့ NUG နဲ့ NUCC ကနေ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံရေးဆွဲရေး လုပ်ငန်းကိုကြေညာလိုက်ချိန်မှာ စကစဟာ ပိုပြီးစိုးရိမ်လာမှုကြောင့်အဲဒီလုပ်ငန်းစဥ်ကို တကယ် အကောင်အထည်ဖော်ရေး အလုပ်မဖြစ်လာအောင်တော်လှန်ရေးဦးဆောင်မှု ပြိုကွဲရေးဆိုတဲ့ သူ့အစီ အစဥ်ကို နည်းလမ်းပေါင်းစုံနဲ့ ထိုးနှက်၊ တိုက်ခိုက်မှုတွေ ဆက်လုပ်လာမယ့်အခြေအနေရှိနေတာပါပဲ။ နဂိုအက်ကြောင်းကနေ ထပ်ပြီးသွေးကွဲပြိုကွဲအောင်အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ မပေါ်ပေါက်လာရေးကို ဆက်ပြီးနှောက်ယှက်မယ့်အရိပ်အယောင်တွေလည်း ပေါ်လာပါပြီ။ တော်လှန်ရေး ဦးဆောင်မှုပိုင်း ပြိုကွဲရေး၊ချိနဲ့သွားရေး အလွန်စိုးရိမ်စရာ အခြေအနေတစ်ခု ရောက်ရှိနေပြီလို့ သတိပေးချင်ပါတယ်။
တကယ်တော့ မြို့ပြကျေးလက် မြေပြင်သပိတ်တွေနဲ့ လူငယ်တွေများစွာနေ့စဥ်အဖမ်းဆီးခံပြီး ကြံ့ကြံ့ခံ စွန့်စားနေသူတွေ၊ တောထဲ၊ တောင်ထဲ လက်နှက်ရရှိရေး၊ထုတ်လုပ်ရေး နဲ့ တိုက်ပွဲတွေတိုက် ပြီး နေ့စဥ် အသက်စွန့်လှူနေရတဲ့ လူငယ်တွေကိုစစ်အုပ်စုက အပြင်းအထန် ရင်ဆိုင်နေရချိန်မှာ၊ တော် လှန်ရေး ဦးဆောင်မှုပိုင်းကိုတော့စကစက စနစ်တကျ နည်းလမ်းပေါင်းစုံသုံးပြီး ဖဲ့ချဖြိုခွဲမှု တစတစ ရနေပါတယ်။မြေပြင်တိုက်ပွဲတွေ အောင်ပွဲတွေဟာ နိုင်ငံရေး ဦးဆောင်မှုကောင်းမရှိရင် ထိရောက်သင့်သလောက် မထိရောက်နိုင်တော့ပါဘူး။ ဘောပွဲစကားနဲ့ ပြောရင်တော့ တိုက်စစ်၊ ခံစစ်တွေဘယ်လောက်ကောင်းကောင်း ဖစ်နစ်ရှင်း မကောင်းရင် အလာဟဿ ဖြစ်ရသလို၊ဘယ်လောက်ပဲ တိုက်ပွဲတွေရရ၊ တစ်နည်းအားဖြင့် အောင်ပွဲပန်းတိုင် မသိမ်းပိုက်နိုင်ရင်တော်လှန်ရေးကြံ့ကြာပြီး အခက်ရှိနိုင် တာကို စကစဟာ ဗျူဟာတစ်ခုလိုစနစ်တကျကောင်းကောင်း အသုံးချပြီး ဦးဆောင်မှုပိုင်းကို ဖဲ့ဖြိုနေ ပါပြီ။
ဒီနှစ်ကုန် ရှေ့နှစ်ဆန်းစမယ့် စကစရဲ့ မတရားမလွတ်လပ်တဲ့ ဟန်ပြရွေးကောက်ပွဲနဲ့လည်း NUCC ဖဲ့ချပြိုကွဲရေး စကစ အစီစဥ်ဟာ အသေအချာချိတ်ဆက်နေပါတယ်။ (အခြားအချက်များ လည်းရှိသေးပေမဲ့ ဒီနေရာမှာမဆွေးနွေးတော့ပါ)တော်လှန်ရေးဟာ ပြည်သူတွေ လူငယ်တွေ အသက်ပေါင်းများစွာ အိုးအိမ်နဲ့ကျေးရွာပေါင်း များစွာ စွန့်လွှတ် ရင်းနှီးပြီး ဆင်နွဲနေကြရတာပါ။ နိုင်ငံတကာရောက်မြန်မာတွေရော ပြည်တွင်းနေသူတွေရော လူများစုကြီးက ချွေးနှဲစာတွေနဲ့ ထောက်မ၊ပံပိုးပြီး တန်ဘိုးကြီးစွာ ရှေ့ဆက်နေရတာပါ။ ဘယ်လိုမှ အဆုံးရှုံးမခံနိုင်တော့တဲ့တော်လှန်ရေးပါ။ ဒီလိုအချိန်မှာ ကိုယ့်အဖွဲ့သူ့ အဖွဲ့ ဦးဆောင်မှုရရေး အသာစီး
နေရာရယူရေးတွေကို ဘယ်လိုမှ ရှေ့တန်းတင် ဦးစားမပေးသင့်တဲ့ အခြေအနေပါ။
စကစရဲ့ ရည်ရွယ်ချက် ဖြစ်တဲ့ တော်လှန်ရေးဦးဆောင်မှုပိုင်း ချိနဲ့ဖြိုခွဲရေးကိုဘယ်လိုနည်းနဲ့မှ မဖြစ်အောင်၊ မအောင်မြင်အောင် အားလုံးက ဝိုင်းထိန်းကြဖို့ တော်လှန်ရေးဦးဆောင်မှု အပိုင်းမှာပါနေသူ ကာယကံရှင် အဖွဲ့အစည်းတိုင်းက တာဝန်ရှိပါတယ်။အဖွဲ့အစည်းတိုင်းက ဒီအချိန်မှာ ညီညွတ်ရေးကိုသာ အဓိကလေးထားပြီးသတိပြုကြရမယ့်အချိန်ပါ။ အကြမ်းဖက် စစ်အုပ်စုဖြစ်စေချင်တဲ့ သူ့ပလန်ကိုကိုယ်ကျိုးအတ္တတွေ၊ ကိုယ့်အဖွဲ့စည်းအတ္တကြောင့် ဝိုင်းကူပေးတဲ့ သဘောမျိုး မဖြစ်ကြဖို့အားလုံးကြိုးစားဖို့ တာဝန်ရှိပါတယ်။ စကစ လုပ်နေတဲ့ အစီစဥ်ကို ကိုယ်ကပါပါပြီးဖြစ်အောင်လုပ်ခဲ့ ရင်တော့ တော်လှန်ရေး သစ္စာဖောက်သူတွေလို့သမိုင်းကမှတ်တမ်းတင်တာ မလွဲမသွေ ခံကြရမှာပါပဲ။
လေးစားစွာဖြင့်
ဆန်နီ