ရုရှား စစ်လက်နက်တွေ ခေတ်နောက်ကျနေကြောင်း ပူတင် အရိပ်အမြွက်ပြော 

ရုရှားရဲ့ စစ်လက်နက်တွေဟာ ခေတ်နောက်ကျနေပြီဆိုတဲ့ အဓိပ္ပါယ်မျိုး သမ္မတ ဗလာဒီမာ ပူတင်က အရိပ်အမြွက် ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။ 

ပုံမှန်ဆိုရင် ရုရှားရဲ့ စစ်လက်နက်တွေက ဘယ်လောက် ထက်မြက်ကြောင်း၊ နည်းပညာ အဆင့်မြင့်ကြောင်းတွေကိုသာ ဖောဖောသီသီ ပြောဆိုလေ့ရှိတဲ့ ပူတင့်ဆီကနေ ဒီစကားမျိုး ထွက်ပေါ်လာတာဟာ ရှားပါး အခြေအနေလို့ ဆိုနိုင်ပါတယ်။ 

နိုဝင်ဘာ ၂ ရက်မှာ ပူတင်က ရုရှားရဲ့ စစ်လက်နက်တွေဟာ ခေတ်နဲ့အညီ အဆင့်မြှင့်တင်ဖို့ လိုအပ်လာပြီလို့ ပြောကြားခဲ့ပါတယ်။ ကရင်မလင် နန်းတော်က ထုတ်ပြန်တဲ့ ပူတင်ရဲ့ မှတ်ချက်စကားမှာ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားရဲ့ လက်နက်စနစ်တွေမှာ ရှိနေတဲ့ ယိုယွင်းမှုတွေကို မြင်သာလာစေကြောင်း အသိအမှတ် ပြုထားပါတယ်။ 

လက်နက်စနစ်တွေ၊ တခြားကိရိယာ တန်ဆာပလာတွေရဲ့ အရည်အသွေး၊ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ရင် အဲဒီ ပစ္စည်းတွေကို အမှန်တကယ် သုံးစွဲနေသူတွေရဲ့ တုံ့ပြန်မှုကို နားထောင်ဖို့ လိုကြောင်း၊ တူညီတဲ့ လက်နက် စနစ်တွေတောင်မှ စဉ်ဆက်မပြတ် အဆင့်မြှင့်တင် မွမ်းမံမှုတွေ လုပ်ဆောင်နေဖို့ လိုကြောင်း၊ ဒါမှသာ စစ်မြေပြင်မှာ ထိထိရောက်ရောက် အသုံးဝင်မှာဖြစ်ကြောင်း ပူတင်က ပြောကြားထားပါတယ်။ 

ဒီလိုဖြစ်လာဖို့ဆိုရင် ရုရှား ကာကွယ်ရေး ကုမ္ပဏီတွေကြားမှာ ပြိုင်ဆိုင်မှုတွေ ပိုမိုမြှင့်တင်ပေးဖို့ လိုအပ်လိမ့်မယ်လို့လည်း ပူတင်က ဆိုပါတယ်။ ကရင်မလင်ရဲ့ အဆိုအရ ပူတင်က ကာကွယ်ရေး ကဏ္ဍနဲ့ ပတ်သက်လို့ ပြဿနာတချို့ ကြုံလာတာနဲ့ ပတ်သက်ပြီး အကြံပေး ကောင်စီဝင်တွေနဲ့ တွေ့ဆုံချိန်မှာ အခုလို ပြောဆိုခဲ့တာလို့ ကရင်မလင်က ထုတ်ပြန်ထားပါတယ်။ 

ရုရှားဟာ ယူကရိန်းကို ကျူးကျော်စစ်ပြု တိုက်ခိုက်ခဲ့တာ အခုဆိုရင် ၉ လနီးပါးလောက် ကြာမြင့်ခဲ့ပါပြီ။ ဒီအတောအတွင်း ရုရှားစစ်တပ်ရဲ့ သယ်ယူပို့ဆောင်ရေး၊ စစ်လက်နက် နည်းပညာနဲ့ လေ့ကျင့်မှု အပိုင်းတွေမှာ စနစ်တကျ မှားယွင်းမှုတွေ ဘယ်လောက်တောင် များပြားနေသလဲ ဆိုတာကို ထင်သာမြင်သာ ဖြစ်လာစေခဲ့ပါတယ်။ 

ရုရှားဟာ ယူကရိန်းမြို့တော် ကိယက်ဗ်ထိ တက်ရောက်သိမ်းပိုက်မယ်ဆိုတဲ့ ရည်မှန်းချက်ကို စောစောစီးစီး စွန့်လွှတ်ခဲ့ရသလို နိုင်ငံရဲ့ နည်းပညာ အမြင့်ဆုံးလို့ ကြွေးကြော်ထားတဲ့ စစ်လက်နက်တွေပါ အပျက်အစီး အဆုံးအရှုံး များလွန်းတာကြောင့် ဆိုဗီယက်ခေတ်လက်ကျန် တင့်ကားတွေနဲ့ လက်နက်စနစ်တွေကိုပါ ဂိုဒေါင်ထဲက ဆွဲထုတ်လာပြီး ပြန်အသုံးပြုနေရကြောင်း အနောက်နိုင်ငံ စစ်ထောက်လှမ်းရေးတွေက ပြောကြားထားပါတယ်။