ယူရိုပါလိဂ် အုပ်စုအပိတ် ပွဲစဉ်မှာ နိုင်ပွဲကိုယ်စီ ရယူခဲ့တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် (ပွဲပြီး သုံးသပ်ချက်) 

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရိုပါလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ်တွေမှာတော့ အင်္ဂလန် ထိပ်တန်း ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။ 

ရီးရဲလ်ဆိုစီဒက် ၀ – ၁ မန်ချက်စတာယူနိုက်တက် 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စပိန်ကလပ်ကို အဝေးကွင်းမှာ အနိုင်ယူခဲ့ပေမယ့်လည်း ဂိုးကွာခြားချက်အရ အုပ်စု ဒုတိယ အနေနဲ့ပဲ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ နှစ်သင်းလုံး နောက်တစ်ဆင့်တက်ဖို့ သေချာနေပြီ ဖြစ်ပေမယ့် ၂ ဂိုးပြတ် နိုင်မှသာ ဆိုစီဒက် လက်ထဲက အုပ်စုဗိုလ် နေရာကို လက်လွှဲယူနိုင်မယ့် ယူနိုက်တက်တို့ အတော်လေး ကြိုးစား ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ပွဲချိန် ၁၆ မိနစ်မှာ ရော်နယ်လ်ဒို မျှောပေးလိုက်တဲ့ ဘောလုံးကို လူငယ် တောင်ပံတိုက်စစ်သမားလေး ဂါနာချိုက တဟုန်ထိုး ဆွဲပြေးပြီး ကန်သွင်းခဲ့တာကြောင့် ယူနိုက်တက်တို့ တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိခဲ့ပါတယ်။ ဒါဟာ ယူနိုက်တက် စီနီယာ အသင်းအတွက် ဂါနာချိုရဲ့ ပထမဆုံးဂိုးလည်း ဖြစ်ပါတယ်။ အဲဒီနောက်မှာ ယူနိုက်တက်တို့ ဂိုးသွင်းခွင့်တွေ ထပ်ပြီး ရခဲ့ပေမယ့် ရော်နယ်လ်ဒိုနဲ့ ဂါနာချိုတို့ ဖြုန်းတီးမိခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ ဆိုစီဒက်အတွက် ချေပဂိုး ရဖို့ အကောင်းဆုံး အခွင့်အရေး ရခဲ့ပေမယ့် နှစ်ကြိမ်ဆက် ဂိုးကန်သွင်းမှုတွေကို ယူနိက်တက် ဂိုးသမား ဒဟေးယား လက်စွမ်းပြ ကာကွယ်သွားပါတယ်။ ဒုတိယပိုင်းမှာတော့ နှစ်သင်းလုံး အပြန်အလှန် ကစားပေမယ့် ထိထိရောက်ရောက် ဂိုးကန်သွင်းခွင့်တွေ မရခဲ့ဘဲ ၁-၀ နဲ့သာ ပွဲပြီးခဲ့ပါတယ်။

 အာဆင်နယ် ၁ – ၀ ဇူးရစ်ချ်

အရန်ကစားသမား တချို့ကို ပွဲထုတ်ခဲ့ပေမယ့် အုပ်စုဗိုလ်နေရာ သေချာစေဖို့အတွက် အခုပွဲကို အာဆင်နယ်တို့ ဖိဖိစီးစီး ကစားခဲ့ပါတယ်။ ပွဲချိန် ၁၆ မိနစ်မှာ ဇူးရစ်ချ် ခံစစ်ကြောင်းကနေ လျှံထွက်လာတဲ့ ဘောလုံးကို အာဆင်နယ် ဘယ်နောက်ခံလူ တိုင်ယာနေးက ဂိုးဧရိယာ အပြင်ဖက်နားကနေ ဝါးလုံးထိုး ကန်သွင်းပြီး အခုပွဲစဉ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးကို ရယူသွားပါတယ်။ နောက်ပိုင်းမှာလည်း အာဆင်နယ်က ပွဲကို ဦးဆောင် ကစားနိုင်ခဲ့ပြီး ဇူးရစ်ချ်ကတော့ အာဆင်နယ်ရဲ့ အမှားတွေကို အခွင့်အရေး ယူနိုင်ဖို့ပဲ အဓိက ကြိုးစားခဲ့ပါတယ်။ ဒုတိယပိုင်း အစမှာ အာဆင်နယ်အတွက် ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ နောက်ဆုံး မိနစ်တွေမှာတော့ အာဆင်နယ်က ကစားအား ချလိုက်ပြီး ခံစစ်ကို ပိုမို အားပြုလာတာကြောင့် ဇူးရစ်ချ်အတွက် ဂိုးကန်သွင်းခွင့်တချို့ ရလာပေမယ့် ဂိုးသမား ရမ်းစ်ဒေးလ်ကို မကျော်နိုင်ဘဲ ၁-၀ နဲ့သာ ပွဲပြီးခဲ့ပါတယ်။ 

အခြားပွဲစဉ်ရလဒ်များ

ဘိုဒို/ဂလင့် ၁ – ၂ ပီအက်စ်ဗီအိုင်ဟိုဗင်

ဒိုင်နမိုကိယက်ဗ် ၀ – ၂ ဖီနာဘာချီ

ရင်းနက်စ် ၁ – ၁ လာနာကာ

ရီးရဲလ်ဘက်တစ် ၃ – ၀ ဟယ်လ်ဆင်ကီး

ရိုးမား ၃ – ၁ လူဒိုဂိုရက်စ်

ဘရာဂါ ၂ – ၁ မယ်လ်မို

ယူနီယံစိန့်ဂီလွိုက်စ် ၀ – ၁ ယူနီယံဘာလင်

ရှရစ်ဖ် ၁ – ၀ အိုမိုနီရာနစ်ကိုရှား

မစ်ဂျေလန်း ၂ – ၀ စတမ်းဂရက်ဇ်

ဖိုင်ယန်နော့ဒ် ၁ – ၀ လာဇီယို

အိုလံပီယာကော့စ် ၀ – ၂ နန့်တေးစ်

ကာရာဘက်ဂ် ၁ – ၁ ဖရိုင်းဘက်ဂ်

မိုနာကို ၄ – ၁ ကရာဗာနာဇာဗက်ဇ်ဒါ

ထရက်ဇ်ဘွန်စပေါ ၁ – ၀ ဖယ်ရန်ဗာရိုးစ်