ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်း သေနတ်ထိမှန် ဒဏ်ရာရ 

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းဟာ သေနတ်နဲ့ အပစ်ခံရလို့ ခြေထောက်မှာ ဒဏ်ရာ ရရှိသွားကြောင်း သိရပါတယ်။ 

ခန်းရဲ့ အတွင်းစည်း ပုဂ္ဂိုလ်တစ်ယောက်က ခန်းဟာ သေနတ်သမားရဲ့ လုပ်ကြံဖို့ အားထုတ်မှုနဲ့ ကြုံခဲ့တာလို့ ပြောပေမယ့် ရဲတွေကတော့ ခန်းက ပစ်မှတ် ဟုတ်မဟုတ် ဆိုတာကို အတည်မပြုနိုင်သေးကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ မျက်မြင်တချို့ကတော့ သေနတ်သမား တစ်ဦးက ခန်းမိန့်ခွန်းပြောနေချိန်မှာ စတင်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

နိုဝင်ဘာ ၃ ရက်က နိုင်ငံအရှေ့ပိုင်း ဝါဇီရာဘက်မြို့က လူထုစုဝေးမှု အစီအစဉ် တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် နောက်ထပ် လူ ၄ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ခန်းရဲ့ PTI ပါတီက ထုတ်ပြန်ပါတယ်။ 

အသက် ၇၀ အရွယ် ခန်းဟာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့ မြို့တော် အစ္စလာမ်မာဘတ်မှာ ကျင်းပခဲ့တဲ့ ဆန္ဒပြပွဲတွေမှာလည်း ရှေ့ဆုံးက ဦးဆောင်ခဲ့ပါသေးတယ်။ သူဟာ ဂူဂျ်ရန်ဝါလာမြို့က လူထုစုဝေးပွဲမှာ ညို့သကျည်းကို ကျည်ဆန် ထိမှန်ခဲ့တဲ့နောက် အနီးဆုံးမှာ ရှိနေတဲ့ လာဟိုးမြို့က ဆေးရုံဆီ တင်ပို့ခံခဲ့ရကြောင်း သိရပါတယ်။ ပါတီ တာဝန်ရှိသူ တစ်ဦးက ခန်းရဲ့ အခြေအနေဟာ စိုးရိမ်စရာ မရှိဘူးလို့ ပြောပါတယ်။ ရဲတွေက အမျိုးသားတစ်ဦးကို ဖမ်းဆီးထားလိုက်ကြောင်း ကြေညာပါတယ်။ 

ခန်းဟာ ပါကစ္စတန်နိုင်ငံ သမိုင်းမှာ အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ဖြုတ်ချခံရတဲ့ ပထမဆုံး ဝန်ကြီးချုပ် အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။ ဧပြီလတုန်းက သူ့ရဲ့ စီးပွားရေး စီမံခန့်ခွဲမှု မူဝါဒတွေကို အကြောင်းပြုပြီး အယုံအကြည်မရှိအဆို တင်သွင်း ခံခဲ့ရတာပါ။ 

အောက်တိုဘာလမှာတော့ ပါကစ္စတန် ရွေးကောက်ပွဲ ကော်မရှင်က ခန်းဟာ နောက်ထပ် ၅ နှစ်အတွင်း လွှတ်​တော် ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် မရှိသင့်ကြောင်း အဆိုပြုချက်ကို ထောက်ခံခဲ့ပေမယ့် ခန်းကတော့ သူ့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို မစွန့်လွှတ်နိုင်ကြောင်း ပြောကြားထားပါတယ်။ ပြီးတော့ အဲဒီလုပ်ရပ်ဟာ သူ့ကို နိုင်ငံရေးအရ ထိုးနှက်မှုသာ ဖြစ်တယ်လို့လည်း ခန်းက စွပ်စွဲခဲ့ပါတယ်။