ရီးရဲလ်၊ ချဲလ်ဆီး၊ စီးတီးတို့ နိုင်ပွဲကိုယ်စီ ရခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအပိတ် ပွဲစဉ်များ (ပွဲပြီး သုံးသပ်ချက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဥရောပ ချန်ပီယံလိဂ် အုပ်စုအပိတ် နောက်ဆုံးနေ့ ပွဲစဉ်တွေမှာတော့ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ အင်္ဂလန် ထိပ်သီးတွေဖြစ်တဲ့ ချဲလ်ဆီး၊ မန်ချက်စတာစီးတီးတို့ဟာ နိုင်ပွဲအသီးသီး ရယူပြီး အုပ်စုဗိုလ်တွေအဖြစ် ရှုံးထွက်အဆင့် တက်ရောက်သွားကြပါတယ်။ 

ချဲလ်ဆီး ၂ – ၁ ဒိုင်နမို ဇာဂရက်ဘ် 

အုပ်စုဗိုလ် နေရာအတွက် သေချာနေနှင့်ပြီး ဖြစ်ပေမယ့် အိမ်ကွင်းမှာ ချဲလ်ဆီးဟာ ပရိသတ်တွေကို စိတ်မပျက်စေခဲ့ပါဘူး။ ဒီပွဲမှာ ချဲလ်ဆီး အနိုင်ရခဲ့ပေမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲနီးနေမှ ဒဏ်ရာရသွားတဲ့ နောက်ခံလူ ဘန်ချီဝဲလ်ရဲ့ အနေအထားကတော့ စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ ပွဲအစ ၆ မိနစ်မှာ ချဲလ်ဆီး နောက်ခံလူ အက်ဇ်ပီလီကွိုင်တာရဲ့ ရှင်းထုတ်မှု မပြတ်သားတဲ့ အနေအထားကနေ ကျလာတဲ့ ဘောလုံးကို ဇာဂရက်ဘ် တိုက်စစ်မှူး ပက်ကိုဗစ်က အနီးကပ်ခေါင်းတိုက်ပြီး ဧည့်သည်အသင်းအတွက် ဦးဆောင်ဂိုး စသွင်းသွားပါတယ်။ နောက်ထပ် ၁၀ မိနစ် အကြာမှာတော့ အူဘာမီယန်း နောက်ပေါက်နဲ့ ချပေးလိုက်တဲ့ ဘောလုံးကို စတာလင်က ဇာဂရက်ဘ် နောက်ခံလူတွေ ဝိုင်းပိတ်ထားတဲ့ ကြားကနေ ကန်သွင်းပြီး ချေပဂိုး ရယူခဲ့ပါတယ်။ ၂၉ မိနစ်မှာတော့ ချဲလ်ဆီး ညာခြမ်းက ဖြတ်တင်ဘော ပေးပို့မှုကို ဇာဂရက်ဘ် ခံစစ်ကြောင်းက ရှင်းထုတ်ပုံ မပြတ်သားရာကနေ ကွင်းလယ်လူ ဇာကာရီရာက အပိုင်ကန်ပြီး အနိုင်ဂိုး ရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးက ပိုပြီး ဖိကစားခဲ့ပေမယ့် ဂိုးဘားတန်း ထိထွက်တာ၊ ဂိုးသမား လက်စွမ်းပြ ကာကွယ်တာတွေနဲ့ ဂိုးပေါက် လွဲချော်တာတွေကြောင့် ဂိုးထပ်မရတော့ဘဲ ၂-၁ ရလဒ်နဲ့သာ ပွဲပြီးခဲ့ပါတယ်။ 

မန်ချက်စတာစီးတီး ၃ – ၁ ဆီဗီးလား

ဒီပွဲရလဒ်ဟာ နှစ်သင်းစလုံးရဲ့ အုပ်စုတွင်း အနေအထားအပေါ် ဘာသက်ရောက်မှုမှာ မရှိနိုင်တော့ပေမယ့် စီးတီးက အိမ်ကွင်းမှာ အနိုင်ကစားသွားခဲ့ပါတယ်။ ပွဲချိန် မိနစ် ၃၀ မှာ ဧည့်သည် စပိန်ကလပ်ရဲ့ တောင်ပံကစားသမား မာရ်က ထောင့်ကန်ဘောကို ခေါင်းတိုက်ပြီး ဂိုးသွင်းခဲ့တာကြောင့် စီးတီးတို့ နောက်က လိုက်ကစားခဲ့ရပါတယ်။ ဒုတိယပိုင်း ၅၁ မိနစ်မှာ စီးတီး တိုက်စစ်မှူး အယ်လ်ဗာရက်ဇ် မျှောပေးတဲ့ ဘောလုံးကို တိုက်စစ်ထိ လိုက်ပါလာတဲ့ ညာနောက်ခံ လူငယ် ကစားသမားလေး လီဝစ်က အပြင်းကန်သွင်းပြီး ချေပဂိုး ရရှိခဲ့ပါတယ်။ လီဝစ်ဟာ ချန်ပီယံလိဂ် ပွဲဦးထွက် ပွဲစဉ်မှာ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး ချန်ပီယံလိဂ် ပွဲထွက်ကစားခွင့်ကို ရရှိချိန်မှာ လီဝစ်ရဲ့ အသက်က ၁၇ နှစ်နဲ့ ၃၄၆ ရက်သာ ရှိသေးပြီး ပြင်သစ်တိုက်စစ်မှူး ဘင်ဇီးမားရဲ့ စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့တာပါ။ ၇၂ မိနစ်မှာတော့ ဒီဘရိုင်းရဲ့ တိကျ ကောင်းမွန်လှတဲ့ အဝေးဘော ပေးပို့မှုကနေ အယ်လ်ဗာရက်ဇ်က ဆီဗီးလား ဂိုးသမားကိုပါ လိမ်ခေါက်ကျော်ဖြတ်ပြီး ဦးဆောင်ဂိုး ပြန်လည် ရယူခဲ့ပါတယ်။ စီးတီးအတွက် အပိတ်ဂိုးကိုတော့ ၈၂ မိနစ်မှာ အယ်လ်ဗာရက်ဇ် ချပေးတဲ့ ဘောလုံးကနေ မာရက်ဇ်က အပြင်းကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ် ၅ – ၁ ဆဲလ်တစ်

လက်ရှိ ချန်ပီယံ ရီးရဲလ်ကတော့ အုပ်စုဗိုလ် နေရာ သေချာစေဖို့အတွက် အိမ်ကွင်းမှာ ကစားရတဲ့ အုပ်စု အပိတ်ပွဲစဉ်ကို ဖိဖိစီးစီးနဲ့ အနိုင်ကစားသွားခဲ့ပါတယ်။ ပွဲအစ ၅ မိနစ်မှာပဲ ဆဲလ်တစ်ရဲ့ လက်ထိဘောကြောင့် ပင်နယ်တီ ကန်ခွင့်ရတာကို မိုဒရစ်က အမှားအယွင်းမရှိ အဆုံးသတ်ပြီး ရီးရဲလ်တို့ ပွဲကို စတင် ဦးဆောင်ပါတယ်။ ၂၁ မိနစ်မှာတော့ ဆဲလ်တစ်က နောက်တစ်ကြိမ် လက်ထိဘော ဖြစ်ပြန်ပြီး ပြင်သစ် အမျိုးသမီး ကွင်းလယ်ဒိုင် ဖရက်ပက်က VAR ပြန်ကြည့်ပြီး ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။ ဒီတစ်ကြိမ် ပင်နယ်တီကိုတော့ ရိုဒရီဂိုက ကန်သွင်းခဲ့ပါတယ်။ ၃၂ မိနစ်မှာ ရီးရဲလ် ဘယ်နောက်ခံလူ မန်ဒီရဲ့ ဖျက်ထုတ်ပုံ ကြမ်းတမ်းမှုကြောင့် ပင်နယ်တီ ပေးရပါတယ်။ အဲဒီ ပင်နယ်တီကို ဂျူရာနိုဗစ် ကန်သွင်းရာမှာ ရီးရဲလ်ဂိုးသမား ကော်တွိုက်စ်က ပုတ်ထုတ် ကာကွယ်သွားခဲ့ပြီး စကော့တလန် ကလပ်ရဲ့ ပင်နယ်တီ မှတ်တမ်း ဆိုးရွားမှုကို အဓွန့်ရှည်စေခဲ့ပါတယ်။ ဒုတိယပိုင်း မိနစ် ၅၀ မှာ ညာခြမ်းက ကာဗာဟဲလ် ပေးပို့တဲ့ ဘောလုံးကို အဆန်စီယိုက မနားတမ်း ပြေးဝင်ကန်သွင်းပြီး စပိန်ကလပ်က တတိယဂိုး ထပ်မံရရှိသွားပါတယ်။ နောက်ထပ် ၁၀ မိနစ် အကြာမှာ ညာခြမ်းက ဗယ်လ်ဗာဒီ ဖြတ်ပို့တာကို ဗီနီးရှပ်စ်က အနီးကပ် ပိတ်သွင်းပြီး ရီးရဲလ်တို့ ၄ ဂိုးပြတ် ဦးဆောင်လာပါတယ်။ နောက်ထပ် ၁၀ မိနစ် ထပ်ကြာသွားချိန်မှာ ညာတောင်ပံကပဲ ဗက်ဇ်ကွက်ဇ် လှိမ့်ပေးလိုက်တဲ့ ဘောလုံးကို ဗယ်လ်ဗာဒီက ရီးရဲလ်အတွက် အပိတ်ဂိုးအဖြစ် ကန်သွင်းခဲ့ပါတယ်။ ဆဲလ်တစ်အတွက် တစ်လုံးတည်းသော သိက္ခာဆယ် ချေပဂိုးကို ၈၃ မိနစ်မှာ ဂျိုတာက လှပတဲ့ ပြစ်ဒဏ်ဘော ကန်ချက်နဲ့ ရယူသွားခဲ့ပါတယ်။ 

အခြားပွဲစဉ် ရလဒ်များ

အေစီမီလန် ၄ – ၀ ဆဲလ်ဇ်ဘက်ဂ်

ရှက်ခ်တာဒိုးနက်စ် ၀ – ၄ လိုက်ပ်ဇစ်

ကိုပင်ဟေဂင် ၁ – ၁ ဘိုရပ်ရှားဒေါ့တ်မန်

ဂျူဗင်းတပ်စ် ၁ – ၂ ပီအက်စ်ဂျီ

မက္ကာဘီဟိုင်ဖာ ၁ – ၆ ဘင်ဖီကာ