စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက ရှဲနဲ့သေမသောက်ရွာတွေက ပျူစောထီးစခန်းတခုကို ဒီကနေ့ နိုဝင်ဘာ (၁)ရက်မနက်ပိုင်းက စီးနင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ငါးဦးသေပြီး လက်နက်သုံးလက်ရခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ S.R.Fပြန်ကြားရေးတာဝန်ခံ က DNA ကိုပြောပါတယ်။
“ဒေသတွင်းက ပျူစောထီးထဲဝင်ထားတဲ့သူတွေ နေတဲ့စခန်းပါ၊ စခန်းသိမ်းတဲ့အခြေအနေမျိုးတော့ မဟုတ်ခဲ့ပါဘူး၊ လက်နက်တော့ သုံးလက်ရခဲ့ပါတယ်” လို့ S.R.F ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စခန်းကိုဝင်ရောက်စီးနင်းတဲ့ ထိတွေ့တိုက်ပွဲကြာချိန် မိနစ်သုံးဆယ်ဝန်းကျင်ရှိခဲ့ပြီး ကာဘိုင် M 2သေနတ် သုံးလက် သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
ဒီတိုက်ပွဲမှာ ကျောင်းသား တော်လှန်ရေးတပ်ဖွဲ့ရဲ့ တပ်ရင်း(၁) နဲ့ တပ်ရင်း (၄) တို့ပါဝင်တိုက်ခိုက်ခဲ့ပြီး S.R.F ဘက် ကတပ်ဖွဲ့ဝင် နှစ်ဦး လက်မောင်းနဲ့ ပခုံးမှာ ဒဏ်ရာကိုယ်စီရရှိခဲ့ပြီး ဒဏ်ရာရလို့ ပြန်ဆုတ်ခွာချိန်မှာ ပျူစောထီး စခန်းထဲက လက်နက်ကြီးနဲ့ရမ်းသန်းပစ်ခတ်ခဲ့ပေမယ့် ထပ်ပြီးထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေ ဝင်ရောက်တပ်စွဲထားမှုကြောင့် ရှဲနဲ့ သေမသောက်ရွာ တွေ က ဒေသခံတွေနဲ့ အနီးဝန်းကျင်က ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွာတွေထဲမှာလည်း စစ် ကောင်စီသင်တန်းဆင်းထားတဲ့ လက်နက်ကိုင် ပျူစောထီးတွေပဲ ကျန်ခဲ့တယ်လို့ S.R.F တာဝန်ခံက ပြောပါတယ်။
မင်းကင်းမြို့နယ်တဝိုက်မှာ စစ်ကောင်စီတပ်တွေက ကျေးရွာနေပြည်သူထဲက ပျူစောထီးအဖွဲ့ထဲဝင်ချင်သူတွေ ကို စစ်သင်တန်းပေးပြီး လက်နက်တွေကိုယ်စီပေးထားကာ ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ရမ်းသန်း ပစ် ခတ် တာ၊ ကျေးရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ ရွာက အိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်လေ့ရှိတယ်လို့ ဒေသတွင်းသတင်း ရင်းမြစ်တွေဆီက သိရပါတယ်။