နာမကျန်း ဖြစ်နေတဲ့ ပန်ဒါဝက်ဝံကို ကူညီ ကုသပေးဖို့အတွက် တရုတ်ရဲ့ တရုတ်ရဲ့ တိရစ္ဆာန်ဆေးကု ဆရာဝန်တွေကို ထိုင်ဝမ်က ဖိတ်ခေါ်ထားပါတယ်။
ထိုင်ဝမ်နဲ့ တရုတ်တို့ဟာ လတ်တလောမှာ ဆက်ဆံရေး အတင်းမာဆုံး အခြေအနေ ဖြစ်နေပေမယ့်လည်း ပန်ဒါ အထီးလေး တျန်တျန်ရဲ့ ကျန်းမာရေးအတွက် ထိုင်ဝမ်က အခုလို ကမ်းလှမ်းခဲ့တာပါ။ တရုတ်နိုင်ငံမှာက ပန်ဒါ ဝက်ဝံတွေကို ဆေးကုသပေးတဲ့ အပိုင်းမှာ အတွေ့အကြုံ ပြည့်ဝကျွမ်းကျင်တဲ့ တိရစ္ဆာန်ဆေးကု ဆရာဝန်တွေ ရှိနေပါတယ်။
ထိုင်ဝမ်ပြည်သူတွေရဲ့ အချစ်တော်လည်းဖြစ်တဲ့ ၁၈ နှစ်သား ဝက်ဝံလေးဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အပြင်းအထန် နာမကျန်း ဖြစ်လာပါတယ်။ ထိုင်ဝမ် တိရစ္ဆာန်ရုံ ဝန်ထမ်းတွေက တျန်တျန်ဟာ ဦးနှောက်ထဲမှာ အကြိတ်ဖြစ်နေတယ်လို့ ယူဆနေကြပါတယ်။
တျန်တျန်ရဲ့ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့ထိ နေမကောင်းတာကြောင့် ကျွမ်းကျင်ပညာရှင်တွေရဲ့ စောင့်ရှောက် ကုသမှု ခံယူဖို့ လိုအပ်နေကြောင်း ထိုင်ဝမ် တိရစ္ဆာန်ရုံ ဝန်ထမ်းတွေက ဆိုပါတယ်။ တရုတ်ဖက်ကလည်း ထိုင်ဝမ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး တိရစ္ဆာန်ဆေးကု ဆရာဝန်တွေ စေလွှတ်ပေးဖို့ သဘောတူထားပါတယ်။ ဆရာဝန်တွေ ဘယ်တော့ရောက်လာမလဲ ဆိုတာ မသိရသေးပေမယ့် အောက်တိုဘာ ၂၈ ရက်မှာ ဗီဇာကိစ္စတွေ ဆောင်ရွက်နေပြီလို့ ထိုင်ဝမ် အာဏာပိုင်တွေက ပြောပါတယ်။
တျန်တျန်နဲ့ မိတ်ဖက် ပန်ဒါဝက်ဝံမလေး ယွမ်ယွမ်ကို တရုတ်နဲ့ ထိုင်ဝမ်ကြား ဆက်ဆံရေး အတော်လေး နွေးထွေးနေချိန် ၂၀၀၈ ခုနှစ်က လက်ဆောင်အဖြစ် ထိုင်ဝမ်ကို ပေးပို့ထားတာပါ။ ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာ နှစ်နိုင်ငံ ဆက်ဆံရေးက ဆက်တိုက် ယိုယွင်း ကျဆင်းလာပြီး အခုဆိုရင် ရန်ဘက်အသွင်မျိုး ရပ်တည်နေကြပါတယ်။
တျန်တျန်နဲ့ ယွမ်ယွမ်တို့ဟာ ထိုင်ဝမ်က တိုင်ပေတိရစ္ဆာန်ရုံကို ရောက်လာချိန် ကတည်းက လာရောက် လည်ပတ်သူတွေရဲ့ အသည်းစွဲ အချစ်တော်လေးတွေ ဖြစ်ခဲ့ကြပါတယ်။ တျန်တျန် နေမကောင်းဘူးဆိုတဲ့ သတင်းကို ကြားတဲ့နောက် လာရောက် လည်ပတ်သူတွေက သူ့ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်တကြီး ဆုတောင်းပေးနေကြပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး သိမ်းပိုက်တာမျိုးထိ ရှိလာနိုင်တယ်လို့ သတိပေး ခြိမ်းခြောက်ထားပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီစနစ် ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ သီးခြားရပ်တည်မှုမျိုးကိုသာ လိုလားပြီး တရုတ်ရဲ့ လွှမ်းမိုးလိုမှုကို ဖီဆန်နေဆဲ ဖြစ်ပါတယ်။