မနေ့ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေမှာတော့ နာမည်ကြီး ဘာစီလိုနာဟာ ခါးသီးတဲ့ အရှုံးကို ရင်ဝယ်ပိုက်ရင်း ပွဲစဉ်မကုန်ခင် ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာဖို့ သေချာသွားခဲ့ပါပြီ။ နာမည်ကြီး လီဗာပူးလ်ကတော့ အဝေးကွင်း နိုင်ပွဲနဲ့အတူ နောက်တစ်ဆင့်အတွက် စောစောစီးစီး လေယာဉ်လက်မှတ် ဖြတ်လိုက်ပါပြီ။
အိုင်းယက်စ် အမ်စတာဒမ် ၀ – ၃ လီဗာပူးလ်
အိမ်ကွင်းမှာ လီဗာပူးလ်ကို အရေးနိမ့်ခဲ့ခြင်းက နယ်သာလန် ချန်ပီယံ အိုင်းယက်စ်ရဲ့ ချန်ပီယံလိဂ် အိပ်မက်တွေကို ဆုံးခန်းတိုင်သွားစေခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ခြေစွာနေတဲ့ နာပိုလီ အသင်းနဲ့အတူ ရှုံးထွက်အဆင့်ဆီ ထိုက်ထိုက်တန်တန် တက်လှမ်းသွားခဲ့ပါပြီ။ အိုင်းယက်စ်ဟာ လီဗာပူးလ်ကို ခြိမ်းခြောက်မှုတချို့ ပြုလုပ်နိုင်ခဲ့ပေမယ့် ခံစစ်ပိုင်းက အမှားများလွန်းပြီး ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ ဘယ်ခြမ်းက ဟန်ဒါဆန် ပေးပို့တဲ့ ဘောလုံးကနေတဆင့် ဆာလားက ဂိုးသမားကို အသာအယာ ကျော်ကန်ပြီး ဦးဆောင်ဂိုး သွင်းပါတယ်။ နောက်တစ်ခါ ဒုတိယပိုင်း ပြန်စပြီး သိပ်မကြာခင်မှာပဲ ရောဘတ်ဆန် ကန်တင်ပေးတဲ့ ထောင့်ကန်ဘောကို နူနက်ဇ်က လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ပြီး ဂိုးထပ်သွင်းပြန်ပါတယ်။ ၅၁ မိနစ်မှာ ဆာလား မျှောပေးလိုက်တဲ့ ဘောလုံးကို လူငယ် ကွင်းလယ်ကစားသမားလေး အီလီယော့က တတိယဂိုးအဖြစ် ပြောင်းလဲပြီး လီဗာပူးလ်တို့ ဂိုးပြတ်နိုင်ပွဲ ရသွားခဲ့ပါတယ်။
ဘာစီလိုနာ ၀ – ၃ ဘိုင်ယန်မြူးနစ်
ဥရောပရဲ့ အစဉ်အလာ အကြီးဆုံး စာရင်းဝင် အသင်းတွေ တွေ့ဆုံမှုဟာ ထင်ထားသလောက် အကြိတ်အနယ် မရှိခဲ့ပါဘူး။ ဘာစီလိုနာဟာ အိမ်ကွင်းမှာ အပြတ်အသတ် ရှုံးနိမ့်ခြင်းနဲ့အတူ ချန်ပီယံလိဂ် အုပ်စုအဆင့်ကတင် ထွက်ခွာဖို့ ရာနှုန်းပြည့် သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။ ပွဲအစ ၈ မိနစ်မှာပဲ ဂျီနာဘရီရဲ့ ပါးနပ်သေသပ်လွန်းတဲ့ အဝေးဘော ပေးပို့မှုကနေ မာနေးက ဘယ်လာရင်ကို ကျော်ပြေးပြီး အကောင်းဆုံး အဆုံးသတ် နိုင်ခဲ့တာကြောင့် ဘိုင်ယန်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ မိနစ် ၃၀ မှာ ဂျီနာဘရီပဲ ခင်းပေးလိုက်ပြန်တဲ့ ဘောလုံးကို ဘိုင်ယန် တိုက်စစ်မှူး ချူပိုမိုတင်က လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ကန်သွင်းခဲ့တာကြောင့် ဘာစီလိုနာ အခြေအနေ မကောင်းတာ ပိုသေချာလာပါတယ်။ ၄၃ မိနစ်မှာ ဘာစီလိုနာ တိုက်စစ်မှူး လီဝင်ဒေါစကီး ဧရိယာထဲမှာ လူချခံရသလို ဖြစ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီ ပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ VAR ပြန်ကြည့်ပြီး မူလဆုံးဖြတ်ချက်ကို ပယ်ဖျက်ခဲ့ပါတယ်။ ၅၅ မိနစ်မှာတော့ တောက်လျှောက် ခြေစွမ်းပြနေတဲ့ ဂျီနာဘရီက တစ်ဂိုးသွင်းပြန်ပေမယ့် VAR မှတ်တမ်းတွေအရ လူကျွံနေတယ်ဆိုပြီး ဒိုင်က ဂိုးမပေးခဲ့ပါဘူး။ ဘာစီလိုနာအတွက် အပိတ်ဂိုးကလည်း ဂျီနာဘရီရဲ့ မြေထောက် ကန်ချက်ကနေတဆင့် ဘာစီလိုနာ ခံစစ်ကြောင်းကို ကျော်ပြီး ကျလာတဲ့ ဘောလုံးကို ဘိုင်ယန် ခံစစ်မှူး ပေဗက်က အနီးကပ် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဂိုးပြတ် ရှုံးသွားတဲ့အပြင် အုပ်စုတွင်းပြိုင်ဘက် အင်တာမီလန်ကပါ အနိုင်ရသွားတာကြောင့် မန်နေဂျာ ရှာဗီရဲ့ ဘာစီလိုနာ အသင်းဟာ ချန်ပီယံလိဂ်က စောစောစီးစီး ထွက်ခွာဖို့ သေချာသွားခဲ့ပါပြီ။ မှတ်တမ်းတွေအရ ဘာစီလိုနာဟာ ဘိုင်ယန်နဲ့ ချန်ပီယံလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ၅ ပွဲစလုံး ရှုံးပြီး ပေးဂိုး ၁၉ ဂိုးထိ ခွင့်ပြုခဲ့ရသလို သွင်းဂိုး ၂ ဂိုးသာ ရယူနိုင်ခဲ့ပါတယ်။
တော့တင်ဟမ်ဟော့စပါး ၁ – ၁ စပို့တင်းလစ္စဘွန်း
VARကြောင့် အငြင်းပွားစရာတွေ ဖြစ်ခဲ့သလို တော့တင်ဟမ် မန်နေဂျာ ကွန်တီပါ အနီကတ်ပြ ထုတ်ပယ်ခံရတဲ့ထိ ပွဲပြီးခါနီး မိနစ်တွေက ဒရမ်မာဆန်ခဲ့ပါတယ်။ အုပ်စုကနေ လွတ်မြောက်ရေးအတွက် နှစ်သင်းစလုံးအတွက် အရေးပါတဲ့ ပွဲစဉ်မှာ အဖွင့်ဂိုးကိုတော့ ဧည့်သည် ပေါ်တူဂီကလပ်က ရရှိသွားပါတယ်။ ၂၁ မိနစ်မှာ အက်ဒွပ်စ် ဆွဲပြေးလာပြီး အဝေးကန်ချက်နဲ့ လှလှပပ ကန်သွင်းသွားခဲ့တာပါ။ အဲဒီနောက် ချေပဂိုးရဖို့ တော့တင်ဟမ်က တောက်လျှောက် တိုက်စစ်ဖွင့်ကစားလာခဲ့ပါတယ်။ တော့တင်ဟမ်ရဲ့ အားထုတ်မှုတွေဟာ မိနစ် ၈၀ လောက် အရောက်မှာ အထမြောက်ခဲ့ပြီး ပါရီဆစ် ကန်တင်ပေးတဲ့ ထောင့်ကန်ဘောကို ဘန်တန်ကာက ခေါင်းတိုက်ပြီး ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီး နောက်ဆုံးစက္ကန့်ပိုင်းမှာ အသင်းခေါင်းဆောင် ကိန်းက အနိုင်ဂိုး ထပ်သွင်းပေမယ့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီးချိန်မှာ လူကျွံတယ်ဆိုပြီး ပယ်ဖျက်လိုက်တာကြောင့် တော့တင်ဟမ်အတွက် အကြီးအကျယ် နစ်နာစရာ ဖြစ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်က အငြင်းပွားစရာ ဖြစ်ခဲ့သလို အပြင်းအထန် စောဒက တက်ခဲ့တဲ့ တော့တင်ဟမ် မန်နေဂျာ ကွန်တီကိုလည်း ကွင်းလယ်ဒိုင် မက်ခီလိုင်က အနီကတ်ပြ ထုတ်ပြယ်ခဲ့ပါတယ်။ အခုပွဲ ရလဒ်ကြောင့် အုပ်စု(D)က ၄ သင်းစလုံးရဲ့ အနေအထားဟာ နောက်ဆုံးပွဲစဉ်အထိ ရင်ခုန်နေရဦးမှာ ဖြစ်ပါတယ်။
အခြားပွဲစဉ်ရလဒ်များ
ဘရုဂျ် ၀ – ၄ ပေါ်တို
အင်တာမီလန် ၄ – ၀ ဗစ်တိုးရီးယားပလာဇန်
နာပိုလီ ၃ – ၀ ရိန်းဂျားစ်
အက်သလက်တီကိုမက်ဒရစ် ၂ – ၂ ဘေယာလေဗာကူဆန်
ဖရန့်ဖတ် ၂ – ၁ မာဆေးလ်