နှစ်ပေါင်း ၅၀ ကျော် ရေမချိုးဘဲ နေခဲ့ဖူးတဲ့ ကမ္ဘာ့အညစ်ပတ်ဆုံး လူသားဟာ အသက် ၉၄ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
သူ့ကိုယ်သူ ထူးခြားတဲ့ အကျင့်ကို ကျင့်ကြံနေတဲ့ တပသီ တစ်ယောက်အဖြစ် ကြေညာထားတဲ့ အီရန်နိုင်ငံသား အေမူဟာဂျီဟာ ရေချိုးဖို့၊ ဆပ်ပြာတိုက်ဖို့ကို နှစ်ပေါင်း ၅၀ ကျော်လောက် ငြင်းဆန်ခဲ့ပါတယ်။ ပြီးတော့ ရေချိုးခြင်းက သူ့ကို နာမကျန်း ဖြစ်စေတယ်လို့ ယုံကြည်ကြောင်း ဟာဂျီက ဆိုပါတယ်။
အီရန် တောင်ပိုင်း၊ ဖားစ်ပြည်နယ်မှာ နေထိုင်တဲ့ ဟာဂျီကို ရွာသားတွေက ရေချိုးသန့်စင်ပေးဖို့ ကြိုးစားပေမယ့် သူကတော့ လုံးဝ လက်မခံဘဲ တွင်တွင် ငြင်းဆိုနေခဲ့ပါတယ်။ ဒါပေမဲ့ မကြာသေးခင် လပိုင်းမှာတော့ ဟာဂျီက အရှုံးပေးလိုက်ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် ရေချိုးဖို့ လက်ခံခဲ့ပါတယ်။
သိပ်မကြာခင်မှာ ဟာဂျီဟာ ဖျားနာလာပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ အီရန်ပိုင် IRNA သတင်းဌာနက ဖော်ပြပါတယ်။
၂၀၁၄ တုန်းက သူ့ကို Tehran Times သတင်းဌာနက အင်တာဗျူး လုပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဟာဂျီက သူ့အကြိုက်ဆုံး အစားအစာဟာ ဖြူသားဟင်း ဖြစ်တယ်လို့ ပြောခဲ့ပြီး အုတ်တွေနဲ့ ဖြစ်ကတတ်ဆန်း မိုးကာ ဆောက်လုပ်ပြီး မြေကျင်းတူးထားတဲ့ နေရာလေးမှာ နေထိုင်တယ်လို့ ဆိုပါတယ်။ သူက အနားမှာရှိတဲ့ ဒက်ဂျ်ဂါး ရွာသားတွေ လာနှောင့်ယှက်မှာစိုးလို့ အခုလို တသီးတခြား နေတာပါလို့လည်း ဟာဂျီက ရှင်းပြတယ်။
နှစ်ပေါင်းများစွာ ရေမချိုးခဲ့တဲ့အတွက် သူ့ရဲ့ အရေပြားဟာ အသားမာချပ်ကြီးတွေ၊ အနာဖေးတွေနဲ့ပါ ဖုံးလွှမ်းနေခဲ့ကြောင်း IRNAက ဆိုပါတယ်။ သူ့ဘဝ တလျှောက်လုံးမှာ ပုပ်သိုးနေတဲ့ အသားတွေ၊ ဆီဝေ့နေပြီး မသန့်ရှင်းတဲ့ သံဘူးထဲက ရေတွေကို သောက်ရင်း ရှင်သန် ဖြတ်သန်းခဲ့ဖူးပါတယ်။
ရွာသူရွာသားတွေက သူ့ကို ရေချိုးပေးဖို့၊ သန့်ရှင်းတဲ့ အစားအသောက်နဲ့ ရေတွေကို ကျွေးမွေးဖို့ ကြိုးစားတိုင်း ဟာဂျီက ဝမ်းနည်း စိတ်ညစ်နေတဲ့အတွက် နောက်ပိုင်းမှာတော့ သူ့သဘောအတိုင်းပဲ လွှတ်ပေးထားခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ ဘယ်အချိန်ကစပြီး ရေမချိုးတော့သလဲ ဆိုတာနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိနေပေမယ့် အများစုကတော့ နှစ်ပေါင်း ၅၀ ကျော် ကြာခဲ့ပြီလို့ လက်ခံထားကြပါတယ်။ ၂၀၀၉ ခုနှစ်တုန်းကလည်း အိန္ဒိယမှာ ၃၅ နှစ်ကြာ သွားမတိုက်ဘူးဆိုတဲ့ အမျိုးသားတစ်ယောက်အကြောင်း သတင်းကြီးခဲ့ဖူးပါတယ်။ အဲဒီပုဂ္ဂိုလ်ကတော့ အခုအချိန်မှာ ဘာဖြစ်သွားလဲဆိုတာ တိတိကျကျ မသိရတော့ပါဘူး။