ကချင်ပြည်နယ်၊ဖားကန့်မြို့အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေမှာ အောက်တိုဘာ ၂၃ ရက် မနေ့က ညပိုင်းက KIO အထိမ်းအမှတ်နေ့ဖျော်ဖြေပွဲလုပ်နေချိန် အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်လို့ လူဦးရေ ဆယ်နဲ့ချီ သေဆုံးခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
ဗုံးကျဲတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး KIA/KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြု ပေမယ့် ထိခိုက်သေဆုံးမှုစာရင်းတွေကိုတော့ အသေးစိတ် မပြောနိုင်သေးဘူးလို့ DNA ကိုပြောပါတယ်။
“ကျွန်တော်တို့ KIO နေ့ထူးနေ့မြတ်တွေကို ဂုဏ်ပြုအားပေးတဲ့အနေနဲ့ အဆိုတော်တွေ၊တခြား တပ်ဖွဲ့ဝင် တွေ စု ဝေးပြီးမှ ဂုဏ်ပြုနေတဲ့ အချိန်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာတွေပေါ့ ၊တိုက်ခိုက်ရေး လေယာဉ်တွေနဲ့ လာပြီးတော့မှ ဗုံးကျဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခံရတာကြောင့် KIO/KIA တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေရှိပြီး အသေးစိတ်ကိုတော့ ဖြစ်စဉ်နေရာကနေ သတင်းတက်မလာသေးတာကြောင့် မပြောနိုင်သေးဘူးလို့ သူကဆိုပါတယ်။
ကချင်ပြည်နယ်အခြေစိုက် မီဒီယာတွေကတော့ အဲ့ဒီဗုံးကျဲတိုက်ခိုက်မှုအတွင်း သေဆုံးသူ ခြောက်ဆယ်ဝန်းကျင်အထိရှိနိုင်ပြီး သေဆုံးသူတွေထဲမှာ ဖျော်ဖြေရေး အစီအစဉ်မှာ လာရောက်ဖျော်ဖြေနေတဲ့ ကချင်အနုပညာရှင်တွေနဲ့ အရပ်သားတွေလည်း ပါဝင်တယ်လို့ ဖော်ပြကြပါတယ်။
သေဆုံးသူတွေထဲမှာ KIA တပ်ဖွဲ့ဝင် အရာရှိတချို့၊လုပ်ငန်းရှင်တွေ၊အနုပညာရှင်တွေနဲ့ အရပ်သား ပြည်သူ အများ အပြားပါဝင်တယ်လို့ ကချင်ပြည်နယ်အခြေစိုက် Kachin News Group သတင်းဌာနက ဖော်ပြပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ KIO အထိမ်းအမှတ်နေ့ ဖျော်ဖြေပွဲလုပ်နေချိန် မနေ့က ညကိုးနာရီဝန်းကျင်မှာ တိုက် ခိုက်ရေးလေယာဉ် သုံးစီးနဲ့ ပေါင်တထောင်ဗုံးတွေအသုံးပြပြီး ဗုံးကျဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေကဆိုပါတယ်။
“တိုက်ခိုက်တာကတော့ ရန်သူအချင်းချင်းတိုက်ခိုက်တာတော့ မဟုတ်ဘူးပေါ့၊ စစ်ဆင်ရေးလုပ်တာလည်း မရှိဘူး၊ အရပ်ဘက် ပြည်သူလူထုနဲ့အတူတူနေတဲ့ဟာ သူတို့လည်းသိရဲ့သားနဲ့ အစီအစဉ်ရှိရှိနဲ့ တိုက်ခိုက်တာဖြစ်ပါတယ်၊ ပြည်သူတွေလည်း ထိခိုက်သွားကြတဲ့အတွက် ကျွန်တော်တို့ KIO အနေနဲ့ ဝမ်းနည်းရပါတယ်”လို့ ဗိုလ်မှူးကြီး နော်ဘူကပြောပါတယ်။
လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေရှိနေပြီလို့ အခုလဆန်းပိုင်းက သတင်းစာရှင်းလင်းပွဲတခုမှာ NUG တာဝန်ရှိသူတွေက ထုတ်ပြောပြီးနောက် စစ်ကောင်စီက တော်လှန်မှု အားကောင်းတဲ့ ဒေသတွေမှာ လေကြောင်းနဲ့ တိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေတာပါ။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှု အများအပြား လုပ်ခဲ့ရာမှာ ကချင်ပြည်နယ်အတွင်း အခုတကြိမ် တိုက်ခိုက်မှုဟာ ထိခိုက်သေဆုံးမှု အများဆုံး ဖြစ်လာဖွယ် ရှိနေပါတယ်။
Photo – Kachin News Group (ဗုံးကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ အဆောက်အဦးတချို့)