ချဲလ်ဆီး-ယူနိုက်တက် ပွဲကောင်းခဲ့ပြီး လီဗာပူးလ် ရှုံးပွဲတွေ့သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်များ

မနေ့ညက ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ ချဲလ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက် အားပြိုင်မှုက ပရိသတ်အကြိုက် ဖြစ်ခဲ့ပြီး နာမည်ကြီး လီဗာပူးလ်ကတော့ အံ့ဩစရာ အခြေအနေအဖြစ် အမှတ်ပေးဇယား အောက်ခြေက နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်သွားခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်စ် ၁ – ၀ လီဗာပူးလ်
ဘောလုံးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုတဲ့ ဆိုရိုးကို ဒီပွဲက သက်သေပြသွားပါတယ်။ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်ခဲ့တဲ့ တန်းတက် နော်တင်ဟမ် ဖောရက်စ် အသင်းဟာ ပရီးမီးယားလိဂ် ထိပ်သီး လီဗာပူးလ်ကို အကောင်းဆုံး အံတုရင်ဆိုင်ပြီး အိမ်ကွင်းမှာ ထိုက်ထိုက်တန်တန် အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲမှာ လူငယ် ကစားသမားတွေဖြစ်တဲ့ ဂျုံးစ်၊ အီလီယော့နဲ့ ကာဗယ်လ်ဟိုတို့ သုံးယောက်စလုံးကို တပြိုင်တည်း ပွဲထုတ်ခဲ့တဲ့ လီဗာပူးလ် မန်နေဂျာ ကလော့ပ်ရဲ့ ဆုံးဖြတ်ချက်ကလည်း မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ ဆာလား၊ ဖာမီနိုတို့ ဦးဆောင်တဲ့ လီဗာပူးလ် တိုက်စစ်ဟာ ဒီပွဲမှာ ထက်မြက်မှု ပျောက်ဆုံးနေခဲ့သလို ဖောရက်စ် ဂိုးသမား ဟန်ဒါဆန်ရဲ့ ဆုံးဖြတ်ချက် မှန်မှန်နဲ့ ကာကွယ်မှုတွေကလည်း လီဗာပူးလ်ကို အခက်တွေ့စေခဲ့ပါတယ်။ ဖောရက်စ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၅၄ မိနစ်မှာ တိုက်စစ်မှူး အဝိုနီယီက တိုင်ထိထွက်လာတဲ့ ဘောလုံးကို ထပ်ဆင့်ပိတ်ပြီး သွင်းယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လီဗာပူးလ်က ချေပဂိုးရဖို့ တင်ကစားလာပေမယ့် ဖောရက်စ် ခံစစ်ကြောင်းနဲ့ ဂိုးသမားကို မကျော်နိုင်ခဲ့ပါဘူး။ ဒီပွဲမှာ အထူးလက်စွမ်းပြခဲ့တဲ့ ဂိုးသမား ဟန်ဒါဆန်ဟာ နောက်ဆုံး မိနစ်မှာ လီဗာပူးလ် နောက်ခံလူ ဗန်ဒက်ဂျ်ရဲ့ ခေါင်းတိုက် ဂိုးသွင်းမှုကိုလည်း အကောင်းဆုံး ပုတ်ထုတ် ကာကွယ်သွားပြန်တာကြောင့် လီဗာပူးလ်တို့ အိမ်ပြန်မလှ ဖြစ်ခဲ့ပါတယ်။ ဖောရက်စ်ကတော့ အခုရာသီမှာ ဒုတိယမြောက် နိုင်ပွဲကို ရရှိသွားခဲ့ပါတယ်။

မန်ချက်စတာစီးတီး ၃ – ၁ ဘရိုက်တန်
ရာသီ အစပိုင်း ပွဲစဉ်တွေမှာ ခြေစွာခဲ့ပေမယ့် လက်ရှိ အချိန်မှာတော့ ဘရိုက်တန်ရဲ့ ကျဆင်းမှုတွေက အတောမသတ်နိုင်သေးပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်က ပရီးမီးယားလိဂ်မှာ ပထမဆုံး ရှုံးပွဲကြုံခဲ့တဲ့ စီးတီးဟာ ဒီပွဲမှာတော့ လုံးဝ အမှားမခံဘဲ ပွဲအစကတည်းက ဘရိုက်တန်ကို ဖိဖိစီးစီး တိုက်စစ်ဆင် ကစားသွားခဲ့ပါတယ်။ ပွဲချိန် ၂၁ မိနစ်မှာ ဂိုးသမား အီဒါဆင် တိုက်ရိုက် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကနေတဆင့် ဟာလန်းက သူ့ရဲ့ ကာယ ကြံ့ခိုင်မှုကို အကောင်းဆုံး အသုံးချပြီး ဘရိုက်တန် ဂိုးသမားရော၊ ခံစစ်မှူး တစ်ဦးကိုပါ အသာစီးယူရင်း စီးတီးအတွက် ဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။ ပွဲချိန် ၄၁ မိနစ်မှာတော့ ဘရိုက်တန် ခံစစ်မှူး ဒန့်ခ်က ဆေးလ်ဗားကို အဖျက်ကြမ်းတာကြောင့် စီးတီးက ပင်နယ်တီ ကန်ခွင့် ရခဲ့ပါတယ်။ အဲဒီ ပင်နယ်တီကို ဟာလန်းကပဲ အမှားအယွင်းမရှိ ကန်သွင်းပြီး စီးတီးတို့ ပထမပိုင်း အပြီးမှာ ၂ ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စပြီး မကြာခင်မှာတော့ ဘရိုက်တန် တောင်ပံတိုက်စစ်သမား ထရော့ဆက်ဒ်က ဂိုးဧရိယာ အစပ်နားကနေ အားပါပြင်းထန်တဲ့ ထောင့်ဖြတ်ကန်ချက်နဲ့ ချေပဂိုးတစ်ဂိုး ပြန်သွင်းပါတယ်။ စီးတီးအတွက် အနိုင်သေချာစေမယ့် အပိတ်ဂိုးကိုတော့ ၇၅ မိနစ်မှာ ဆေးလ်ဗား ပေးပို့တာကို ဒီဘရိုင်းက လှပတဲ့ အဝေးကန်ချက်နဲ့ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲရလဒ်ကြောင့် စီးတီးဟာ အမှတ်ပေးဇယား ဒုတိယ နေရာမှာ မြဲနေပြီး ထိပ်ဆုံးက အာဆင်နယ်ကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။

ချဲလ်ဆီး ၁ – ၁ မန်ချက်စတာယူနိုက်တက်
အခုသီတင်းပတ်အတွက် ပရိသတ် စိတ်အဝင်စားဆုံး ပွဲစဉ်ဖြစ်သလို တကယ်လည်း ကြည့်လို့ကောင်းခဲ့ပါတယ်။ ပထမပိုင်းမှာ ယူနိုက်တက်က သိသိသာသာ ခြေစွမ်း အသာရခဲ့ပြီး ချဲလ်ဆီး ဂိုးပေါက်ကို အကြိမ် တော်တော်များများ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် အန်တိုနီနဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ ဂိုးပေါက် ကန်သွင်းချက်တွေ ကပ်လွဲတာ၊ ဂိုးသမား ကယ်ပါ လက်စွမ်းပြ ကာကွယ်တာတွေကြောင့်သာ ချဲလ်ဆီးတို့ စောစောစီးစီး ဂိုးမပေးခဲ့ရတာပါ။ ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးက နည်းဗျူဟာပိုင်း ပြောင်းလဲပြီး ပွဲကို ချဉ်းကပ်ခဲ့တာကြောင့် နှစ်ဖက်ပိုပြီး အကြိတ်အနယ် ရှိလာပါတယ်။ ဒါပေမဲ့ မိနစ် ၇၀ ဝန်းကျင်လောက်မှာ ယူနိုက်တက် ခံစစ်မှူး ဗာရာနီ ဒဏ်ရာရပြီး ထွက်သွားချိန်ကျမှသာ ချဲလ်ဆီးက ယူနိုက်တက် ခံစစ်ကြောင်းကို သိသိသာသာ စတင် ခြိမ်းခြောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၈၅ မိနစ်မှာ ထောင့်ကန်ဘောကို ခေါင်းတိုက်ဖို့ ကြိုးစားတဲ့ ချဲလ်ဆီး တိုက်စစ်မှူး ဘရိုဟာကို ယူနိုက်တက် ကွင်းလယ်လူ မက်တော်မနေးက ဆွဲလှဲတယ်ဆိုပြီး ကွင်းလယ်ဒိုင် စတူးဝပ် အက်တ်ဝဲလ်က ပင်နယ်တီ သတ်မှတ်ခဲ့ပါတယ်။ ဒီပင်နယ်တီကို ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုက ကန်သွင်းပြီး အိမ်ရှင်တွေ ပွဲကို ဦးဆောင်ခဲ့ပါတယ်။ အဲဒီနောက် ယူနိုက်တက်က နောက်ဆုံးလက်ကျန် မိနစ်တွေမှာ အစွမ်းကုန် တိုက်စစ် ဖွင့်ကစားလာခဲ့ပြီး နာကျင် အပိုဆောင်းချိန် ၉၅ မိနစ်မှာတော့ ရှောရဲ့ ဖြတ်တင်ဘောကို ကွင်းလယ်လူ ကက်စ်မဲရိုးက ခေါင်းတိုက်ပြီး အဖိုးတန် သရေဂိုးကို ရယူသွားနိုင်ခဲ့ပါတယ်။

အခြားပွဲစဉ်ရလဒ်

အဲဗာတန် ၃ – ၀ ခရစ္စတယ်လ်ပဲလေ့စ်