ဂန့်ဂေါမြောက်ပိုင်းမှာ တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီက ဆယ်ဦးထက်မနည်းသေ

ဂန့်ဂေါမြို့ ကန်ရွာကနေ မြို့ပေါ်ကို ပြန်ထွက်ခွာလာတဲ့စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ရာမှာ ဆယ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ် (၁) တပ်ရင်းပြန်ကြားရေးတာဝန်ခံ ကိုစတီဗင်က DNA ကိုပြောပါတယ်။
“ကျွန်တော်တို့ဘက်ကအရင်စောင့်ကြိုပြီးလက်ဦးမှုယူနိုင်ခဲ့ပါတယ်၊အလောင်းမရတော့အတိအကျမသိနိုင်ပေမယ့် စစ်​ွေးဆယ်ဦးအထက်မှာရှိနိုင်ပါတယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဂန့်ဂေါမြို့ကနေ ကန်ရွာကို သွားချိန်မှာလည်း ကြားဖြတ်တိုက်ခိုက်ခံခဲ့ရသလို ကန်ရွာကပြန်လာချိန် ဒီကနေ့ မနက်ပိုင်း
က ရိုးမတောင်ကြောပေါ်မှာ ထပ်ပြီး တိုက်ခိုက်ခံရတာဖြစ်တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်မ(၅၅)က တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အဲ့ဒီစစ်ကြောင်းဟာအင်အားတရာဝန်းကျင်လောက်ပါဝင်ပြီး ကန်ရွာကို အသွားအပြန် နှစ်ကြိမ်တိုက် ခိုက်ခံရတာမှာ စုစုပေါင်း (၂၀)ဝန်းကျင် သေဆုံးတယ်လို့ ဒေသကာကွယ်ရေးတပ်တွေကဆိုပါတယ်။
ဒီက​နေ့တိုက်ပွဲအတွင်း ဒေသခံကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့တွေဘက်ကတပ်ဖွဲ့ဝင်နှစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့တိုက်ပွဲကိုဂန့်ဂေါခရိုင်၊ အမှတ်(၁)တပ်ရင်း တပ်ခွဲ၁ တပ်ခွဲမှူးဦးစီးတဲ့ အင်အား(၆၀)ရှိ PDF တပ်ရင်း၊ ABSDF၊ KKG၊ ၊၇၀၅ ၊ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ( ၄၅) မိနစ်ဝန်းကျင်ကြာမြင့်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ်( ၁) တပ်ရင်းကထုတ်ပြန်ပါတယ်။