ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၅)ရပ်ကွက် သဲပုံဂိတ်နားမှာဖွင့်ထားတဲ့အပေါင်ဆိုင်တစ်ခုမှာ ဒီကနေ့ မနက် ခြောက်နာရီဝန်းကျင်ကဗုံးပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။
“မနက်က အသံတော်တော်ကျယ်တယ်၊မနက်ပိုင်းဆိုတော့ အသံကြားပြီးအိပ်ယာကလန့်နိုးတာ၊ ဆိုင်အရှေ့ ဘက် က တော်တော်ထိသွားတယ်၊လူတွေတော့မထိဘူး၊ ဆိုင်ကယ်ကနေပေါက်တာ၊ ဆိုင်ကယ်လည်း ရစရာမရှိ အောင် ပျက်စီးသွားတယ်”လို့ မြဝတီမြို့ခံတစ်ဉီးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အပေါင်ဆိုင်ဟာနယ်ခြားစောင့်တပ် BGFက ဗိုလ်မှူးစောမုတ်သုန်ရဲ့တပည့် တပ်ကြပ်ကြီး စောဒူးလေးရဲ့ဆိုင်ဖြစ်ပြီး အနားဝန်းကျင်မှာလည်း ဟိန်းစိန်ကာစီနိုရုံရှိတယ်လို့လည်းသိရပါတယ်။
ဒါ့အပြင် ပေါက်ကွဲမှုဖြစ်ခဲ့တဲ အပေါင်ဆိုင်အနီးက သဲပုံဂိတ်ဟာ BGF တပ်ဖွဲ့ဝင်တွေ တာဝန်ယူတပ်စွဲထားပြီး ထိုင်းနိုင်ငံဘက်ကို တရားမဝင်ဖြတ်ကူးနိုင်တဲ့ဂိတ်ပေါက်တခုဖြစ်ပါတယ်။
မြဝတီမြို့မှာ အောက်တိုဘာလအတွင်း ဗုံးပေါက်ကွဲမှု လေးကြိမ်ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ဗိုလ်မှူး စောမုတ်သုန်မိသားစုပိုင်ဆိုင်တဲ့ မြဝတီမြို့လင်းသီရိ စတိုးဆိုင်ရှေ့ရပ်ထားတဲ့ ပိုင်ရှင်မဲ့ကားတစီးထဲမှာ ဂတ်စ်အိုးလေးလုံးနဲ့ပြုလုပ်ထားတဲ့ဗုံးတွေကို မပေါက်ကွဲခင်တွေ့ရလို့ ရှင်းလင်းခဲ့ရပါသေးတယ်။