ကုလသမဂ္ဂမှာ မဲပေးခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီးကို မာဒါဂါစကာ အစိုးရ ထုတ်ပယ် 

ကုလသမဂ္ဂမှာ ရုရှားကို ဆန့်ကျင်ကြောင်း မဲပေးခဲ့တဲ့ ဝန်ကြီးတစ်ဦးကို မာဒါဂါစကာ အစိုးရက ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ 

ယူကရိန်းပိုင် ဒေသ ၄ ခုကို ရုရှားက မတရားတဲ့၊ ဥပဒေနဲ့ မညီတဲ့ နည်းလမ်းတွေ အသုံးပြုပြီး ပိုင်နက်အဖြစ် သိမ်းသွင်းယူခဲ့တာကို ကန့်ကွက်ကြောင်း အဆိုတစ်ခုကို ပြီးခဲ့တဲ့ သီတင်းပတ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်သွင်းပြီး မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။ 

အဖွဲ့ဝင် ၁၉၃ နိုင်ငံ ပါဝင်တဲ့ အထွေထွေ ညီလာခံမှာ နိုင်ငံပေါင်း ၁၄၃ ခုက ရုရှားရဲ့ လုပ်ရပ်အပေါ် တခဲနက် ရှုတ်ချ မဲပေးခဲ့ကြပြီး အဲဒီထဲမှာ အာဖရိက နိုင်ငံတစ်ခုဖြစ်တဲ့ မာဒါဂါစကာလည်း ပါဝင်ခဲ့ပါတယ်။ ကုလသမဂ္ဂ ညီလာခံမှာ နိုင်ငံကိုယ်စားပြု တက်ရောက် မဲပေးခဲ့သူကတော့ မာဒါဂါစကာရဲ့ နိုင်ငံခြားရေး ဝန်ကြီး ရစ်ချတ် ရန်ဒရီရာ မန်ဒရက်တို ဖြစ်ပါတယ်။ 

အခုအခါမှာတော့ ရန်ဒရီရာ မန်ဒရက်တိုကို သမ္မတ အန်ဒရီ ရာဂျိုလီနာက ရာထူးကနေ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း သမ္မတရုံးနဲ့ နီးစပ်သူ နှစ်ယောက်က Reuters သတင်းဌာနဆီ အတည်ပြုခဲ့ပါတယ်။ အကြောင်းရင်းကတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မဲမပေးဘဲ ကြားနေဖို့ အစိုးရက ညွှန်ကြားခဲ့ပေမယ့် ရန်ဒရီရာ မန်ဒရက်တိုက ကိုယ့်သဘောနဲ့ကိုယ် ရုရှားကို ရှုတ်ချကြောင်း အဆိုကို ထောက်ခံမဲ ပေးလာခဲ့လို့ ဖြစ်ပါတယ်။ 

ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲလိုက်တဲ့ ကိစ္စဟာ အာဖရိက နိုင်ငံ အတော်များများကို သံတမန်ရေးရာ ကဏ္ဍမှာ ဘေးကျပ်နံကျပ် အခြေအနေတွေ ကြုံလာစေခဲ့ပါတယ်။ အာဖရိက နိုင်ငံတွေဟာ အနောက်ကမ္ဘာနဲ့ရော၊ ရုရှားနဲ့ပါ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေ ရှိနေတတ်ပါတယ်။ ကုလသမဂ္ဂ မဲခွဲမှုမှာလည်း အာဖရိကနိုင်ငံ အများစုက မဲမပေးဘဲ ကြားနေပြီး လက်ရှောင်ခဲ့ကြတာ တွေ့ရပါတယ်။ 

မာဒါဂါစကာ အစိုးရက ရုရှား-ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်ရင် ကြားနေ သဘောထားကို လက်ကိုင်ပြုမယ်လို့ ကြေညာထားပေမယ့် နိုင်ငံခြားရေး ဝန်ကြီးက သူ့ကိုယ်ပိုင် ဆင်ခြင်တုံတရားနဲ့ မဲပေးသွားခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မဲပေးမှုမှာ ကြားနေဖို့ ဆုံးဖြတ်တဲ့ ၃၅ နိုင်ငံ ရှိခဲ့ရာမှာ ၁၈ နိုင်ငံက အနောက်အာဖရိက ဒေသတွင်း နိုင်ငံတွေ ဖြစ်ပါတယ်။ ရုရှားကို ရှုတ်ချတဲ့ အဆိုကို ကန့်ကွက်မဲ ပေးခဲ့တဲ့ နိုင်ငံဆိုလို့ ရုရှားကိုယ်တိုင်ရယ်၊ မြောက်ကိုရီးယားရယ်၊ ဆီးရီးယားရယ်၊ ဘီလားရုစ်ရယ်၊ နီကာရာဂွာရယ် ၅ နိုင်ငံသာ ရှိခဲ့ကြောင်း သိရပါတယ်။