ကမ္ဘာပေါ်မှာ အလုံခြုံဆုံး နိုင်ငံတစ်ခု ဖြစ်လာပြီလို့ တရုတ် အစိုးရ အရာရှိပြော 

တရုတ်ဟာ ကမ္ဘာပေါ်မှာ လုံခြုံမှု အရှိဆုံး နိုင်ငံတစ်ခု ဖြစ်တယ်လို့ အစိုးရ အဖွဲ့ဝင် ဒုတိယ ဝန်ကြီးတစ်ဦးက ပြောကြားသွားခဲ့ပါတယ်။ 

ပြည်သူ့ လုံခြုံရေးဌာန ဒုတိယ ​ဝန်ကြီး ကျူးကန်လူက အောက်တိုဘာ ၁၉ ရက် သတင်းစာ ရှင်းလင်းပွဲမှာ အခုလို မှတ်ချက် ပေးသွားခဲ့တာပါ။ တရုတ်ဟာ လူဦးရေနဲ့ အချိုးချကြည့်ရင် ကမ္ဘာပေါ်မှာ လူသတ်မှု အနည်းဆုံး၊ သေနတ်နဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကြောင့် ဖြစ်ပွားတဲ့ မှုခင်းမျိုး အနည်းဆုံး နိုင်ငံတစ်ခု ဖြစ်တယ်လို့ ကျူးက ဆိုပါတယ်။ 

လူသတ်မှုနဲ့ မုဒိမ်းမှုတို့လို ရာဇဝတ် မှုခင်းကြီးတွေဟာ ၂၀၁၂ ခုနှစ်နဲ့ ယှဉ်ကြည့်ရင် ၂၀၂၁ ခုနှစ်မှာ ၆၄.၄ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် မူးယစ်ဆေးမှုတွေ၊ ဓားပြမှုတွေ၊ ခိုးမှုတွေကလည်း အလားတူ ကာလအတွင်း ၅၆.၈ ရာခိုင်နှုန်း၊ ၉၆.၁ ရာခိုင်နှုန်းနဲ့ ၆၂.၆ ရာခိုင်နှုန်းစီ အသီးသီး ကျဆင်းလာတယ်လို့ သူက ပြောပါသေးတယ်။ 

လက်ရှိ ကျင်းပနေတဲ့ တရုတ် ကွန်မြူနစ် ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံရဲ့ ဆက်စပ် ဆွေးနွေးပွဲ တစ်ခုအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ကျူက အခုလို ကိန်းဂဏန်းတွေကို ထုတ်ပြန်သွားခဲ့တာပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးကို အကာအကွယ်ပေးရင်း ကျဆုံးသွားတဲ့ ရဲအရာရှိ ၃၈၀၀ လောက် ရှိတယ်လို့လည်း ကျူက ဆိုပါတယ်။ 

တရုတ်ဟာ ရာဇဝတ်ဂိုဏ်းတွေနဲ့ ဒေသအလိုက် ဂိုဏ်းဂဏဖွဲ့ပြီး ရာဇဝတ်မှု ကျူးလွန်နေသူတွေကို ဖိဖိစီးစီး ဆက်လက် နှိမ်နင်းနေဦးမယ်လို့လည်း ကျူက ပြောပါတယ်။ တရုတ်မှာ ရာဇဝတ်မှုတွေ ကျဆင်းလာတယ်ဆိုတဲ့ အချက်က မှန်ကန်ပေမယ့် အိမ်တွင်း အကြမ်းဖက်မှုလို ပြဿနာတွေ ရှိနေသေးသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း ထူထပ်နေဆဲလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ 

အထူးသဖြင့် ကပ်ရောဂါ ကာလမှာ ပြည်သူတွေအပေါ် တင်းကျပ်လွန်းတဲ့ ကန့်သတ် ပိတ်ဆို့မှုတွေနဲ့ ကိုင်တွယ်ခဲ့တဲ့ အစိုးရရဲ့ မူဝါဒပိုင်းဟာ အခုအချိန်ထိ ဝေဖန်စရာတွေ ဖြစ်နေဆဲပါ။ ဒါ့အပြင် တရုတ်နိုင်ငံ အနောက်ပိုင်းက ရှင်းကျန်း ဒေသမှာ ဟွေဂါ မျိုးနွယ်စုတွေအပေါ် တရုတ် အာဏာပိုင်တွေ ကိုယ်တိုင်က စနစ်တကျ ဖိနှိပ် ချိုးနှိမ်မှုတွေ ရှိနေကြောင်းလည်း စွပ်စွဲမှုတွေ ထွက်ပေါ်နေပါတယ်။