အကြိမ်ပေါင်း နှစ်ရာ့ငါးဆယ်လောက် လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ မြောက်ကိုရီးယား

မြောက်ကိုရီးယားဟာ ရာနဲ့ချီ များပြားတဲ့ လက်နက်ကြီး ကျည်ဆန်တွေကို နိုင်ငံရဲ့ ဆန့်ကျင်ဖက် အရပ်မျက်နှာ နှစ်ဖက်မှာ တပြိုင်တည်း လေ့ကျင့် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။ 

အောက်တိုဘာ ၁၈ ရက်က မြောက်ကိုရီးယားရဲ့ အရှေ့ဖက် ကမ်းရိုးတန်းမှာရော၊ အနောက်ဖက် ကမ်းရိုးတန်းမှာပါ လက်နက်ကြီး လေ့ကျင့်ပစ်ခတ်မှုတွေ အင်အား အလုံးအရင်းနဲ့ လုပ်ဆောင်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ထောက်လှမ်းရေးက အတည်ပြုခဲ့ပါတယ်။ 

ညအချိန်မှာ မြောက်ကိုရီးယား အနောက်ဖက် ကမ်းလွန် ပင်လယ်ပြင်ကို လက်နက်ကြီးကျည် အလုံး ၁၀၀ လောက် ကျရောက်ခဲ့ပြီး မရှေးမနှောင်းမှာပဲ နောက်ထပ် လက်နက်ကြီးကျည် ၁၅၀ လောက်က အရှေ့ဖက် ပင်လယ်ပြင်ထဲ ကျရောက်ခဲ့ပြန်ပါတယ်။ 

တောင်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားမှု ဦးစီးဌာနက မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို အပြင်းအထန် ရှုတ်ချပြီး ဒီလုပ်ရပ်မျိုးတွေကို ရပ်တန်းကရပ်ဖို့ တောင်းဆိုကြောင်း ကြေညာခဲ့ပါတယ်။ 

မြောက်ကိုရီးယားဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ တည်ငြိမ်မှု၊ အေးချမ်းမှုတွေကို ပျက်ပြားစေမယ့် လှုံ့ဆော်တဲ့ လုပ်ရပ်တွေကို ဆက်တိုက် အကောင်အထည် ဖော်နေတယ်လို့လည်း တောင်ကိုရီးယားရဲ့ ထုတ်ပြန်ချက်မှာ စွပ်စွဲ ဖော်ပြထားပါတယ်။ 

အခုသီတင်းပတ် အစောပိုင်းမှာ တောင်ကိုရီးယားက နှစ်စဉ် ပြုလုပ်နေကျဖြစ်တဲ့ ဟိုဂုခ် စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို စတင်ခဲ့တဲ့နောက် မြောက်ကိုရီးယားကလည်း အခုလို လက်နက်ကြီး အင်အားပြလာခဲ့တာပါ။ ဟိုဂုခ်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေကို ထိထိရောက်ရောက် တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ဖို့ စီစဉ်ထားတဲ့ လေ့ကျင့်မှုလည်း ဖြစ်ပြီး အခုသီတင်းပတ်ကုန်ထိ ကြာမြင့်မှာပါ။ 

မြောက်ကိုရီးယားဟာ မကြာသေးခင် ရက်ပိုင်းတွေအတွင်း အရှေ့ဖက်ကမ်းလွန် ဂျပန်ပင်လယ်ဖက်ကို ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုတွေလည်း အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပါတယ်။ ပြီးတော့ မြောက်ကိုရီးယားမှာ ခေတ်မမီတော့ပေမယ့် အင်အား များပြားပြီး ဖျက်ဆီးအား ပြင်းထန်တဲ့ လက်နက်ကြီးနဲ့ အမြောက်တပ်တွေကို ပိုင်ဆိုင်ထားပါတယ်။