ချိတ်ပိတ်ခံထားရတဲ့ဖုန်းအပိုပစ္စည်းဆိုင်က ပစ္စည်းတွေ စစ်ကောင်စီသိမ်းယူ

ဆိုင်ရှင်ဖြစ်သူဖမ်းဆီးခံထားရပြီး ချိတ်ပိတ်ခံထား ရတဲ့ ကလေးမြို့ Cover King ဖုန်းအပိုပစ္စည်းအရောင်းဆိုင်က ပစ္စည်းတွေကို အောက်တိုဘာ (၁၆) ရက်နေ့လယ်ပိုင်းမှာ စစ်​ကောင်စီရဲတွေက ကားနှစ်စီးနဲ့တိုက်ယူသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

” ပစ္စည်းတွေကိုတော့ ပီနံအိတ်တွေထဲထည့်ပြီး ယူသွားတာ၊ ကျွန်တော် အဲ့ဒီနားကနေ ပြန်လာတဲ့အချိန်မှာ သူတို့(ရဲတွေ) ကားပေါ်တင်နေကြပြီ” လို့ မြို့ခံတစ်ဦးကပြောပါတယ်။

Cover King ဖုန်းကာဗာနဲ့ အပိုပစ္စည်းအရောင်း ဆိုင်ပိုင်ရှင်ဖြစ်သူ ကိုကျော်သူရကို အခုနှစ်ဆန်းပိုင်းက အသံတိတ်သပိတ်နဲ့ဆက်စပ်ပြီး စစ်ကောင်စီကဖမ်းဆီးခဲ့ကာ ဆိုင်ကိုလည်း အဲ့ဒီကတည်းက ချိတ်ပိတ်ပြီး နိုင်ငံပိုင်အဖြစ်သိမ်းဆည်းတယ်လို့ ကြေညာထားတာပါ။

” သူက အသံတိတ်သပိတ်လုပ်မယ့်နေ့ကို ဆိုင်ပိတ်မယ်ပေါ့၊အဲ့ဒါကို သူ့ facebook မှာတင်လိုက်တာ၊ အဲဒါနဲ့လာဖမ်းသွားပြီး ဆိုင်လည်းချိတ်ပိတ်သွားတာ၊ ပိုက်ဆံရှိမှန်းသိလို့ လုပ်တာပါပဲ” လို့ Cover King ဆိုင်ရှင် ကိုကျော်သူရ ဖမ်းဆီးခံခဲ့ရတာနဲ့ပတ်သက်ပြီး မြို့ခံတဦးကပြောပါတယ်။

Cover King ဆိုင်ပိုင်ရှင် ကိုကျော်သူရဟာ အသံတိတ်သပိတ်မတိုင်မီရက်မှာ “၁-၂-၂၀၂၂ ဆိုင်တစ်ရက်ပိတ်ပါမည်။ ဆောင်းကုန်နွေဦးမို့ အလွမ်းသင့်သည့်အခါလည်းဖြစ်တော့ နားကြရတာပေါ့ ” ဆိုပြီး သူ့ရဲ Facebook အကောင့် မှာရေးသားခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီလို ဖမ်းဆီးခံရပြီး ရှစ်လကျော်အကြာမှာ ဆိုင်ကပစ္စည်းတွေကို ရဲတွေက သိမ်းဆည်းယူဆောင်သွားတာပါ။