ဒေးဒရဲမြို့နယ်မှာ လေပြင်းတိုက်ပြီး သစ်ပင်လဲကျလို့ မိသားစုဝင် သုံးဦးသေဆုံး

Photo – မီးသတ်ဦးစီးဌာန (ပုံဟောင်း)

ဧရာဝတီတိုင်း ၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်က ဘုရားချောင်းကျေးရွာမှာ မိုးသက်လေပြင်းတိုက်ပြီး သစ်ပင်လဲကျတာကြောင့် ၉ လအရွယ်ကလေး တစ်ဦးအပါအဝင် လူ ၃ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့ ည ၈ နာရီဝန်းကျင်က ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် ဝါးအိမ်ပေါ်ကို အိမ်ဘေးမှာရှိတဲ့ သစ်ပင် လဲကျပြီး အိမ်ထဲမှာ အိပ်နေတဲ့ မိသားစု ၃ ဦး သေဆုံးခဲ့တာပါ။

“လဲကျတဲ့အပင်က အတော်ကြီးတယ် ၊ ရုတ်တရက် လေကြီးမိုးကြီး ကျလာတာ တစ်နာရီ နီးပါးပဲ ၊ ရွာထဲကအိမ် ၁၅လုံးလောက်လည်း အမိုးအကာတွေ ပွင့်သွားတယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက DNAကို ပြောပါတယ်။
သေဆုံးသူတွေဟာ ဒေါ်တင်ဇာမော်နဲ့ သူရဲ့ အသက် ၉လ အရွယ် ကလေးတစ်ဦးနဲ့ အသက် ၈ နှစ်အရွယ် ကလေး ၁ဦးတို့ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေးဒရဲ ၊ ဖျာပုံ ကားလမ်းဘက်မှာလည်း အောက်တိုဘာ ၁၅ရက်နေ့ညက မိုးသက်လေပြင်း တိုက်ခတ်တဲ့အတွက် အပင်နဲ့ ဓာတ်တိုင်တွေ လဲကျခဲ့တာလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အရင်ကာလတွေမှာ လူမှုရေး ဝန်ကြီးဌာန ကယ်ဆယ်ရေးနဲ့ ပြန် လည် နေရာချထားရေးဦးစီးဌာနကနေ သဘာဝဘေးကြောင့် လူသေဆုံးပါက တစ်ဦးလျှင် ငွေကျပ် ၃သိန်း ထောက်ပံ့ပြီး နေအိမ် အဆောက် အအုံ ပျက်စီးပါက ကယ်ဆယ်ရေး ပစ္စည်း ၁၉ မျိုးနဲ့ တည်ဆောက်ရေး ပစ္စည်း တန်ဖိုးငွေ ထောက်ပံ့လေ့ရှိပေမယ့် ဒီဖြစ်စဉ်မှာတော့ ထောက်ပံ့တာ မရှိသေးဘူး လို့ ဒေသခံအုပ်ချုပ်ရေး အဖွဲ့ဝင် အချို့က ပြောပါတယ်။

“အရင်အရပ်သား အစိုးရတုန်းက ပေးတာရှိတယ် ခုလည်းပေးမယ်သိရတယ် ဒါပေမယ့် တာဝန်ရှိ ဌာနကသူတွေတောင် ရောက်မလာသေးဘူး” လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းအတွင်း အောက်တိုဘာ ၁၄ ရက်နေ့ ည ၉ နာရီလောက်က ပုသိမ်၊ ကျောင်းကုန်း၊ ဇလွန်၊ သာပေါင်း၊ အင်္ဂပူ၊ ဖျာပုံ မြို့နယ်တို့မှာ မိုးသက်လေပြင်း တိုက်ခတ်ခဲ့တယ်လို့ သိရပါတယ်။

မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် သာပေါင်းမြို့နယ်မှာ နေအိမ် ၇ လုံး၊ ဇလွန်မှာက နေအိမ် ၁၃ လုံး ၊ အင်္ဂပူဘက်မှာက နေအိမ် ၁လုံး ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။