ဆန္ဒပြသူ အမျိုးသမီးကို အီရန်ရဲတစ်ဦး လိင်အမြတ်ထုတ်ခဲ့ကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ် 

အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် တစ်ဦးက အမျိုးသမီး ဆန္ဒပြသူ တစ်ဦးကို ဖမ်းဆီးချိန်မှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့တဲ့အပေါ် အီရန်မှာ အပြင်းအထန် ဝေဖန် ရှုတ်ချမှုတွေ ဖြစ်ပေါ်နေပါတယ်။ 

လူမှုကွန်ရက် သုံးစွဲသူတွေက ဒီဖြစ်စဉ်အတွက် တရားမျှတမှုကို ရှာဖွေပေးဖို့နဲ့ အီရန် ရဲတပ်ဖွဲ့ အကြီးအကဲ နုတ်ထွက်ပေးဖို့ထိ တောင်းဆိုနေကြပါတယ်။ ဘာသာရေး ရဲတွေရဲ့ လက်လွန်မှုကြောင့် အမျိုးသမီးငယ်တစ်ယောက် သေဆုံးသွားရာက တစ်နိုင်ငံလုံးအနှံ့ အုံကြွ ဆန္ဒပြမှုတွေကို ရင်ဆိုင်နေရတဲ့ အီရန် အစိုးရအတွက် ဒီကိစ္စဟာ နောက်ဆက်တွဲ ခေါင်းခဲစရာ ပြဿနာတစ်ခု ဖြစ်လာပါတယ်။ 

ဆန္ဒပြသူ အမျိုးသမီးကို ရဲတွေက ဝိုင်းဝန်း ဖမ်းဆီးတဲ့ အချိန်မှာ အဓိကရုဏ်း နှိမ်နင်းရေး ရဲတစ်ဦးက အမျိုးသမီးရဲ့ တင်ပါးကို ရည်ရွယ်ချက်ရှိရှိ အသားယူ ကိုင်တွယ်နေတာ တွေ့ရပါတယ်။ အီရန် အစိုးရကို ထောက်ခံနေသူ တချို့ကပါ ဒီဗီဒီယိုနဲ့ ပတ်သက်ပြီး ရှုတ်ချဝေဖန်တာတွေ ရှိလာခဲ့ပါတယ်။

 အီရန် အစိုးရဟာ ပြည်တွင်းမှာ အင်တာနက် ကွန်ရက်တွေကို ကန့်သတ် လျှော့ချထားပြီး သတင်းစီးဆင်းမှုကို ဖြတ်တောက်ထားပေမယ့် အီရန်က ဆန္ဒပြသူတွေဟာ အားကောင်းတဲ့ မှတ်တမ်းပုံရိပ်တွေကို အွန်လိုင်းပေါ် ရောက်အောင် ပို့ဆောင်နိုင်ခဲ့ကြပါတယ်။ ဆန္ဒပြတဲ့ အမျိုးသမီးတွေကို အီရန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတဲ့ ဗီဒီယိုတွေလည်း အွန်လိုင်းပေါ် မကြာခဏ ရောက်လာလေ့ ရှိပါတယ်။ 

ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းဖက် နှိမ်နင်းနေမှုတွေနဲ့ ပတ်သက်လို့ အီရန် အစိုးရကတော့ သူတို့ဟာ ဆူပူမှုတွေကို ထိန်းချုပ်နေတာသာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။ အမျိုးသမီး တစ်ဦးအပေါ် တပ်ဖွဲ့ဝင် တစ်ယောက်က လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့တယ်ဆိုတဲ့ လတ်တလော စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့တော့ အီရန် ရဲတပ်ဖွဲ့က ဘာမှတ်ချက်မှ မပေးသေးပါဘူး။ 

အီရန်မှာ စက်တင်ဘာ လလယ်လောက်က စတင်လာတဲ့ ဆန္ဒပြပွဲတွေကို လုံခြုံရေး တပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွင်းခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် အနည်းဆုံး ၂၃ ဦး အပါအဝင် လူပေါင်း ၂၃၃ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။