အခုသီတင်းပတ်ကုန် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ လီဗာပူးလ်နဲ့ မန်ချက်စတာ စီးတီးတို့ ထိပ်တိုက် တွေ့ဆုံမှုက ပရိသတ်တွေကို ဖမ်းစားနိုင်ဦးမှာ ဖြစ်သလို အာဆင်နယ်ကလည်း သူတို့ရဲ့ အမှတ်ပေးဇယား ဦးဆောင်မှုဟာ အမှန်တကယ် ထိုက်တန်ကြောင်း လိဒ်စ်ယူနိုက်တက်ရဲ့ အိမ်ကွင်းမှာ သွားရောက် မှတ်ကျောက်အတင် ခံရပါလိမ့်မယ်။
တော့တင်ဟမ်ဟော့စပါး – အဲဗာတန်
အမှတ်ပေးဇယား တတိယနေရာ ဆက်မြဲဖို့အတွက် ဒီပွဲမျိုးကို အမှားအယွင်းမရှိ အနိုင်ကစားရမယ်မှန်း တော့တင်ဟမ် မန်နေဂျာ ကွန်တီတစ်ယောက် ကောင်းကောင်း သဘောပေါက်ပါလိမ့်မယ်။ နွေရာသီတုန်းက တော့တင်ဟမ်ကို ပြောင်းရွှေ့လာတဲ့ ဘရာဇီး တိုက်စစ်မှူး ရစ်ချာလီဆန်တစ်ယောက် အသင်းဟောင်းနဲ့ ပြန်တွေ့တဲ့အခါ ဘာတွေ စွမ်းဆောင်ပြမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒီရာသီ အဲဗာတန်ရဲ့ ဖြတ်သန်းမှုက အားရစရာ မကောင်းသလို လောလောလတ်လတ် အနေနဲ့ အိမ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို အရေးနိမ့်ထားပါတယ်။ ပုံမှန် အခြေအနေမှာတော့ ကိန်း၊ ရစ်ချာလီဆန်နဲ့ ဆွန်တို့ရဲ့ ဂိုးမြူးနေတဲ့ တော့တင်ဟမ် တိုက်စစ်ကို အဲဗာတန် တောင့်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ အဲဗာတန် အနေနဲ့ ထူးထူးခြားခြား ခြေစွမ်းပြနိုင်ခဲ့တယ် ဆိုရင်တောင် တော့တင်ဟမ်ရဲ့ အိမ်ကွင်းမှာ သရေဆိုတာ အမြင့်ဆုံး မျှော်လင့်ချက်ပါပဲ။ တော့တင်ဟမ်ပဲ နိုင်သွားပါလိမ့်မယ်။
မန်ချက်စတာ ယူနိုက်တက် – နယူးကာဆယ် ယူနိုက်တက်
အမှတ်ပေးဇယား အဆင့် ၅ နဲ့ ၆ နေရာတွေမှာ ရှေ့ဆင့်နောက်ဆင့် ရပ်တည်နေတဲ့ အသင်းတွေ ထိပ်တိုက် တွေ့တာပါပဲ။ ဒီရာသီမှာ နယူးကာဆယ်ရဲ့ ကစားပုံက သိသိသာသာ တိုးတက်လာပြီး ရှုံးပွဲ ၁ ပွဲပဲ ရှိပါသေးတယ်။ နောက်ဆုံး ၂ ပွဲဆက် အနိုင်ရခဲ့ရာမှာ ၉ ဂိုးထိ သွင်းထားတဲ့ နယူးကာဆယ်ရဲ့ တိုက်စစ်ကလည်း အမှားတွေ များတတ်တဲ့ အိမ်ရှင် ယူနိုက်တက်အတွက် မျက်ခုံးလှုပ်ချင်စရာပါပဲ။ ဒါပေမဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် အိုးလ်ထရက်ဖို့ဒ် ဆိုတာဟာ နယူးကာဆယ်အတွက် ဘယ်တုန်းကမှ ပန်းခင်းလမ်း မဟုတ်ခဲ့ပါဘူး။ ပြီးတော့ ယူနိုက်တက် မန်နေဂျာ တန်ဟက်ဂ်ဟာ တစ်ပွဲချင်းစီအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်ရာမှာ ပါးနပ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ ကစားပုံဟာ ခံစစ်ပိုင်းမှာ ဟာကွက်တွေ ရှိသေးတယ် ဆိုရင်တောင်မှ တိုက်စစ်မှာ နားလည်မှုတွေ ပိုအားကောင်းလာတာတော့ အမှန်ပါပဲ။ ဒီပွဲဟာ ခြေညီတဲ့ နှစ်သင်း ထိပ်တိုက်တွေ့တာ ဖြစ်ပြီး သမ္ဘာနဲ့ အိမ်ကွင်း အားသာချက်တွေကြောင့် ယူနိုက်တက်ဖက်ကို နည်းနည်းယိမ်းချင်စရာ ကောင်းပါတယ်။ ဒါပေမဲ့ နယူးကာဆယ်လို အသင်းမျိုးကို စောစောစီးစီး ဂိုးပေးလိုက်ရရင် ရေစီးကမ်းပြို ဖြစ်သွားနိုင်တာကိုတော့ ယူနိုက်တက် ကစားသမားတွေ သဘောပေါက်ထားဖို့ လိုပါလိမ့်မယ်။
အက်စ်တန်ဗီလာ – ချဲလ်ဆီး
နွေရာသီမှာ ရည်မှန်းချက်ကြီးကြီးနဲ့ ပြင်ဆင် တည်ဆောက်ထားတဲ့ ဗီလာက ခုထိတော့ ဟန်ကျပန်ကျ ဖြစ်မလာသေးပါဘူး။ ချဲလ်ဆီး မန်နေဂျာသစ် ပေ့ါတားအတွက်တော့ လက်ရှိ ခြေစွမ်းမျိုးနဲ့ ဗီလာကို အဝေးကွင်းမှာ သွားကစားရတာဟာ သူ့ရဲ့ ဟန်းနီးမွန်း ကာလတွေကို ပိုပြီး ရှည်ကြာစေမယ့် အခွင့်အရေး တစ်ခုလို့ သဘောထားပါလိမ့်မယ်။ ပြီးခဲ့တဲ့ ရာသီက ဗီလာရဲ့ တိုက်စစ်ကို အဓိက မောင်းနှင်ခဲ့သူ ကော်တင်ဟိုက ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရသလို လူသစ် ကားလို့စ်၊ ကာမာရာ၊ ဒန်ဒွန်ကာတို့ကလည်း ထင်သလောက် ဖြစ်မြောက်မလာသေးဘူး။ ပရီးမီးယားလိဂ်မှာ ဘယ်ဗီလာ ကစားသမားကမှ ၁ ဂိုးထက် ပိုသွင်းမထားနိုင်သေးသလို အသင်းကလည်း တန်းဆင်းဇုန်နဲ့ ၃ မှတ် အကွာထိ ကျဆင်း ရပ်တည်နေတယ်။ ပြီးခဲ့တဲ့ အပတ်မှာလည်း အမှတ်ပေးဇယား အောက်ဆုံးနားက နော်တင်ဟမ် ဖောရက်စ်ကို သရေသာ ကစားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးမှာ ဒဏ်ရာပြဿနာတချို့ ရှိနေတယ် ဆိုပေမယ့် ဗီလာကို နိုင်ဖို့ဆိုတာ ခက်ခဲတဲ့ စိန်ခေါ်မှု မဖြစ်နိုင်ပါဘူး။ ဒီပွဲမှာ ချဲလ်ဆီး ဘယ်နှဂိုး သွင်းမလဲ၊ ဘယ်သူတွေ ဂိုးသွင်းမလဲ ဆိုတာကို စောင့်ကြည့်ရုံပါပဲ။
လိဒ်စ်ယူနိုက်တက် – အာဆင်နယ်
တစ်ချိန်က ထည်ဝါခဲ့တဲ့ အသင်းကြီးတစ်ခုရဲ့ ပုံရိပ်မျိုး မျက်မှောက်ကာလ လိဒ်စ်မှာ မတွေ့ရတော့ပါဘူး။ လက်ရှိ ရာသီမှာလည်း ၂ ပွဲသာနိုင်ပြီး ၃ ပွဲသရေ၊ ၃ ပွဲရှုံးဆိုတဲ့ ရလဒ်က အထင်ကြီးစရာ မဟုတ်ပြန်ဘူး။ ဒါပေမဲ့ အယ်လန်ရုဒ်ဟာ ကစားရခက်တဲ့ နေရာတစ်ခုဖြစ်တဲ့အပြင် အသင်းကြီးတွေနဲ့တွေ့ရင် လိဒ်စ်က အသည်းအသန် ကစားတတ်တဲ့ ညာဉ်မျိုးလည်း ရှိနေပြန်တယ်။ အာဆင်နယ်ကတော့ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေတဲ့ သူတို့ရဲ့ ခြေစွမ်းဟာ ကောက်ရိုးမီး မဟုတ်ကြောင်း တစ်ပွဲပြီးတစ်ပွဲ ပြသနေဆဲပါ။ လက်ရှိ ခြေစွမ်းအရ အာဆင်နယ်က အပြတ်အသတ် သာနေတယ် ဆိုပေမယ့် အိမ်ရှင်လိဒ်စ်ရဲ့ ခံကန်မယ့် အားကိုလည်း လျှော့မတွက်သင့်ပါဘူး။ အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်အကြောင်း တခုပ်တရတွေ ညွှန်းနေစရာ မလိုပေမယ့် လိဒ်စ်မှာလည်း ရိုဒရီဂို၊ ဆင်နစ်စတဲရာတို့က ဂိုးသွင်းနိုင်စွမ်း ရှိသူတွေဆိုတာ သတိထားရပါမယ်။ အထူးသဖြင့် ခံစစ်ဇုန်ကို ရှေ့ထိဆွဲတင်ထားတတ်တဲ့ အာဆင်နယ်ရဲ့ ကစားပုံဟာ လိဒ်စ်ရဲ့ တန်ပြန်တိုက်စစ်တွေကြောင့် တစ်ချိန်ချိန်မှာ ဒုက္ခရောက်သွားနိုင်ပါတယ်။ တစ်ပွဲလုံး အတိုင်းအတာ အရတော့ အာဆင်နယ်ကပဲ ဦးဆောင် ကစားသွားမှာပါ။ မန်ချက်စတာ စီးတီး ပွဲကျပ်တွေ့နေချိန် အာဆင်နယ်က အမှတ်လျော့ခံမှာ မဟုတ်ပါဘူး။ အာဆင်နယ် နိုင်ပေမယ့် လိဒ်စ်ကိုလည်း ဂိုးတွေ ပြန်ပေးရဖို့ အလားအလာ ရှိနေပါတယ်။
လီဗာပူးလ် – မန်ချက်စတာစီးတီး
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာတော့ ဒီနှစ်သင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို နှစ်သင်းတည်း အပြိုင်လုသူတွေ ဖြစ်ခဲ့ကြပါတယ်။ ဒီရာသီမှာတော့ အခြေအနေတွေက အတော်လေး ပြောင်းလဲသွားပါပြီ။ စီးတီးက ကြောက်ခမန်းလိလိ ခြေစွမ်းတက်လာချိန်မှာ လီဗာပူးလ်ကတော့ အမှတ်ပေးဇယား အဆင့် ၁၀ ထိ ကျဆင်းနေပါတယ်။ လီဗာပူးလ်ရဲ့ အန်းဖီးလ်ကွင်းဆိုတာ ပြိုင်ဘက်တိုင်းကို ချောက်ချားစေတဲ့ အောင်မြေတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ လီဗာပူးလ်ဟာ အဲဒီအောင်မြေကို အားကိုးရုံကလွဲလို့ စီးတီးထက် သာလွန်နေတာ ဘာဆိုဘာမှ မရှိပါဘူး။ ကွင်းလယ်မှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေခြင်းက လီဗာပူးလ်ရဲ့ ဟန်ချက်ကို ပျက်ယွင်းသွားစေတယ်။ ဒါ့အပြင် အသင်းရဲ့ တိုက်စစ်အတွက် အဓိက လက်နက်တွေလို့ ဆိုရမယ့် တောင်ပံခံစစ်သမား အလက်ဇန္ဒား အာနိုးလ်နဲ့ ရောဘတ်ဆန်တို့က ဒီရာသီမှာ ခြေစွမ်းကျဆင်းတာ၊ ဒဏ်ရာရတာတွေနဲ့ လုံးပန်းရင်း သိပ်ပြောင်ပြောင်ရောင်ရောင် ဖြစ်မလာဘူး။ ပြီးခဲ့တဲ့ အပတ်က အာဆင်နယ်ကို ရှုံးထားပြီးတဲ့နောက် လီဗာပူးလ်အတွက် နောက်ထပ် ပွဲကျပ်တစ်ခု ထပ်တွေ့လာတာပါပဲ။ စီးတီး မန်နေဂျာ ဂွာဒီယိုလာကတော့ အခုပွဲကို အတော်ကြီး အာရုံစိုက်ထားဟန်ရှိပြီး ကြားရက်မှာ ကစားတဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အဓိက တိုက်စစ်မှူး ဟာလန်းကို လုံးဝ ထုတ်မသုံးဘဲ အနားပေးထားပါတယ်။ အရင်နှစ်တွေထက် ကစားအား ကျလာတဲ့ ကွင်းလယ်၊ အမှားပိုများလာတဲ့ နောက်တန်းက တစ်ပတ်လုံး အနားရပြီး လန်းဆန်းနေတဲ့ ဟာလန်းကို ဘယ်လိုထိန်းမလဲ စိတ်ဝင်စားစရာပါ။ စီးတီးဟာ သိပ်ကောင်းတဲ့ အသင်းဆိုပေမယ့် အမှားအယွင်းတွေ၊ အားနည်းချက်တွေ လုံးဝ မရှိတာတော့ မဟုတ်ပါဘူး။ ခက်တာက လက်ရှိ လီဗာပူးလ်ဟာ စီးတီးရဲ့ အဲဒီလို အမှားတွေကို ထိုးနှက်ပြီး အခွင့်အရေး ယူနိုင်မယ့် အနေအထား မရှိပြန်ဘူး။ စီးတီး အနိုင်ရဖို့ အတော်လေး ရာခိုင်နှုန်းများတဲ့ ပွဲပါပဲ။ အန်းဖီးလ်မှာ ဖြစ်နေတဲ့အတွက် ဂိုးတော့ မပြတ်လောက်ပါဘူး။
အခြားပွဲစဉ်များ
ဘရန့်ဖို့ဒ် ၂ – ၀ ဘရိုက်တန်
လက်စတာစီးတီး – ခရစ္စတယ်လ်ပဲလေ့စ်
ဝုလ်ဗ် – နော်တင်ဟမ်ဖောရက်စ်
ဖူလ်ဟမ် – ဘွန်းမောက်သ်
ဆောက်သမ်တန် – ဝက်စ်ဟမ်း