ယူကရိန်းကို လေကြောင်းကာကွယ်ရေး စနစ်တွေ ပို့ဆောင်ကြဖို့ NATO နိုင်ငံတွေ ကတိပြု

NATO စစ်မဟာမိတ် အဖွဲ့တွေက ယူကရိန်း နိုင်ငံကို နည်းပညာမြင့် လေကြောင်းကာကွယ်ရေး စနစ်တွေ ဝိုင်းဝန်း ပို့ဆောင်ကြမယ်လို့ အသီးသီး ကတိပြု ကြေညာလာကြပါတယ်။ 

အခုသီတင်းပတ် အစောပိုင်းက ယူကရိန်းရဲ့ မြို့ကြီး ၁၀ ခုထက်မနည်းကို ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်နဲ့ နယ်သာလန်တို့က ယူကရိန်းကို လေကြောင်း ကာကွယ်ရေး စနစ်တွေ၊ ဒုံးကျည်တွေနဲ့ ရေဒါတွေ ထောက်ပံ့ပေးမယ်လို့ အသီးသီး ကြေညာလာကြတာပါ။ 

အစောပိုင်းမှာ အမေရိကန်ကလည်း အလားတူ ကတိမျိုး ပေးထားပြီးသား ဖြစ်ပါတယ်။ နောက်ပြီး ဂျာမနီရဲ့ နည်းပညာမြင့် လေကြောင်းကာကွယ်ရေး စနစ်တစ်ခုကလည်း ယူကရိန်းကို ရောက်ရှိနေပါပြီ။ 

အမေရိကန်နဲ့ မဟာမိတ်နိုင်ငံ ၅၀ က စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေ ဘရပ်ဆဲလ်မြို့၊ NATO ဌာနချုပ်မှာ တွေ့ဆုံပြီးတဲ့နောက် အခုလို သဘောတူ ဆုံးဖြတ်ခဲ့ကြတာပါ။ ယူကရိန်း အစိုးရက အဲဒီတွေ့ဆုံမှုကို သမိုင်းဝင် အခိုက်အတန့် တစ်ခုလို့ ညွှန်းဆို ဂုဏ်ပြုသွားပါတယ်။ 

ရုရှားဟာ အောက်တိုဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေက ဒုံးကျည် အစင်းရေ ၁၀၀ ကျော် ပစ်ခတ်ခဲ့တာကြောင့် ယူကရိန်း ပြည်သူတွေ သေဆုံးခဲ့တဲ့အပြင် စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေ၊ စစ်ရေးပစ်မှတ် မဟုတ်တဲ့ နေရာတွေပါ ထိခိုက် ပျက်စီးခဲ့ကြောင်း ယူကရိန်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ 

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကတော့ ဒီတိုက်ခိုက်မှုတွေဟာ ရုရှားနဲ့ ခရိုင်းမီးယား ဒေသကြား ဖြတ်သန်း ဖောက်လုပ်ထားတဲ့ တံတားတစ်စင်းပေါ်မှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုအတွက် လက်တုံ့ပြန်တာလို့ ပြောကြားထားပါတယ်။ ရုရှားက အဲဒီပေါက်ကွဲမှုကို ယူကရိန်း လက်ချက်လို့ အခိုင်အမာ စွပ်စွဲထားပါတယ်။ 

လက်ရှိမှာတော့ ဂျာမနီက ပေးပို့မယ့် IRIS-T လေကြောင်းကာကွယ်ရေး စနစ်တွေထဲက ပထမဆုံး တစ်ခုကို လက်ခံ ရရှိပြီးပြီလို့ ယူကရိန်းက အတည်ပြုထားပါတယ်။ အဲဒီ စနစ်ကြောင့် နိုင်ငံရဲ့ လေကြောင်း ကာကွယ်ရေး စွမ်းရည်ဟာ သိသိသာသာ မြင့်တက်လာမယ်လို့ ယုံကြည်ထားကြောင်းလည်း ယူကရိန်း စစ်တပ်က မှတ်ချက် ပေးထားပါတယ်။