မွေးမြူရေးနွားတွေ လေတက်ရင်၊ ဆီးသွားရင်တောင် အခွန်ပေးသင့်တယ်ဆိုတဲ့ ဥပဒေ မူကြမ်းနဲ့ ပတ်သက်လို့ နယူးဇီလန်က လယ်သမားတွေ အပြင်းအထန် ကန့်ကွက်နေကြပါတယ်။
စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ညစ်ညမ်းမှုတွေအပေါ် အရေးယူ တုံ့ပြန်မယ့် အစီအစဉ် တစ်ခုအဖြစ် နွားတွေဆီက ထုတ်လွှတ်တဲ့ ဖန်လုံအိမ် ဓာတ်ငွေ့တွေအပေါ် အခွန်စည်းကြပ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ တကယ်လို့သာ ဥပဒေမူကြမ်းကို အတည်ပြုပြီး လျာထားချက်အတိုင်း ၂၀၂၅ ခုနှစ်မှာ စတင် ကျင့်သုံးဖြစ်မယ် ဆိုရင်တော့ နွားတွေ လေတက်လို့၊ ဆီးသွားလို့ အခွန်ပေးရတဲ့ ပထမဆုံး နိုင်ငံအဖြစ် နယူးဇီလန်က မှတ်တမ်း ဝင်လာပါလိမ့်မယ်။
နယူးဇီလန် နိုင်ငံမှာ နှစ်စဉ် ထွက်ရှိတဲ့ ညစ်ညမ်းဓာတ်ငွေ့ အားလုံးရဲ့ ထက်ဝက်လောက်ဟာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကြောင့် ဖြစ်ပါတယ်။ လူဦးရေ ၅ သန်းကျော်လောက်သာရှိတဲ့ နယူးဇီလန် နိုင်ငံမှာ နွားကောင်ရေ ၄ သန်းကျော် မွေးမြူထားပါတယ်။
နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အားဒန်က အခုလို အခွန်သစ် စည်းကြပ်ပြီး ရရှိလာတဲ့ ငွေတွေကို သန့်စင်စွမ်းအင် ကဏ္ဍအပါအဝင် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု လျှော့ချရေး နည်းပညာသစ်တွေ သုတေသနပြုဖို့နဲ့ လယ်သမားတွေအတွက် တခြားခံစားခွင့်တွေမှာ ပြန်လည်ပေးအပ်ဖို့ မျှဝေ အသုံးပြုသွားမယ်လို့ ပြောပါတယ်။ နွားတွေနဲ့ ပတ်သက်ပြီး အသစ်စည်းကြပ်မယ့် အခွန် ပမာဏက ဘယ်လောက် ဖြစ်လာမလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။
ဒါပေမဲ့ နယူးဇီလန် လယ်သမားတွေကတော့ ဒီကိစ္စကို စတင် ကန့်ကွက်နေပြီး အခွန်ဥပဒေသစ် မူကြမ်းဟာ ကျေးတောသား လူဆင်းရဲတွေကို လည်ပင်းညှစ်နေတာနဲ့ တူတူပဲလို့ ဝေဖန်နေပါတယ်။ ဒီဥပဒေသာ အသက်ဝင်လာရင် နွားတွေ အများကြီးကို ပြန်ရောင်းထုတ်ပစ်ရလိမ့်မယ်လို့ လယ်သမား တော်တော်များများက ညည်းတွားနေပါတယ်။ နောက်ပြီး အခွန်စည်းမျဉ်းသစ်ကြောင့် မွေးမြူရေး ကဏ္ဍကို နယူးဇီလန်မှာ လျှော့ချပြီး လုပ်ထုံးလုပ်နည်းနဲ့ စည်းမျဉ်းပိုင်း အားနည်းတဲ့ တခြားနိုင်ငံတွေဆီ ရွှေ့သွားရင် ပတ်ဝန်းကျင် ညစ်ညမ်းမှုက ပိုတောင် ဆိုးရွားသွားနိုင်တယ်လို့ ထောက်ပြတာတွေလည်း ရှိနေပြန်ပါတယ်။
ဝန်ကြီးချုပ် အားဒန်ကတော့ နယူးဇီလန် လယ်သမားတွေဟာ စိုက်ပျိုးမွေးမြူရေးကြောင့် ဖြစ်ပေါ်လာတဲ့ ညစ်ညမ်းမှုတွေ လျှော့ချရေးနဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်မှာ ရှေ့ဆောင်လမ်းပြ အခန်းကဏ္ဍကနေ ပါဝင်ခွင့် ရလာနိုင်ကြောင်း အခွန်စည်းမျဉ်း မူကြမ်းကို သတင်းထောက်တွေဆီ အသိပေးချိန်မှာ ပြောကြားသွားပါတယ်။
နွားမွေးမြူရေး လုပ်ငန်းဟာ မီသိန်းဓာတ်ငွေ့ အမြောက်အမြား ထွက်ပေါ်စေတဲ့ စီးပွားရေး တစ်ခုပါ။ ၂၀၁၉ ခုနှစ်မှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှုက စံချိန်တင် မြင့်တက်ခဲ့ပြီး စက်မှုကဏ္ဍ မထွန်းကားခင် အချိန်တွေကနဲ့ ယှဉ်ရင် နှစ်ဆခွဲထိ များပြားခဲ့ကြောင်း သိရပါတယ်။