အသက် ကိုးဆယ့်ခုနစ်နှစ် ရှိပြီဖြစ်ပေမယ့် ရွေးကောက်ပွဲ ဝင်ပြိုင်ဦးမယ့် မဟာသီယာ 

Photo – AFP

အသက် ၉၇ နှစ်အရွယ် ရှိပြီဖြစ်ပေမယ့် လာမယ့် မလေးရှား ရွေးကောက်ပွဲမှာ ဆက်လက် ယှဉ်ပြိုင်နေဦးမယ်လို့ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ပြောကြားခဲ့ပါတယ်။ 

သူဟာ လန်ကာဝီ မဲဆန္ဒနယ် ကိုယ်စားပြု လွှတ်တော်အမတ်​ နေရာကို ဆက်လက် ထိန်းသိမ်းဖို့အတွက် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ်လို့ မဟာသီယာက ဆိုပါတယ်။ လက်ရှိ မလေးရှား ဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ယာကော့ဘ်က လွှတ်တော်ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်တဲ့နောက် သတ်မှတ် စည်းမျဉ်းတွေအရ နောက်ထပ် ၂ လအတွင်း ရွေးကောက်ပွဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

မလေးရှား ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ် တာဝန်ထမ်းဆောင်ဖူးသူ မဟာသီယာက သူဟာ ရွေးကောက်ပွဲဝင် အမတ်လောင်းအဖြစ် သေချာပေါက် ဆက်ရှိမယ်လို့ အောက်တိုဘာ ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူပါဝင်တဲ့ နိုင်ငံရေး မဟာမိတ်အဖွဲ့ အနိုင်ရခဲ့ရင် တတိယအကြိမ် ဝန်ကြီးချုပ် လုပ်ဦးမလား ဆိုတာကိုတော့ အတိအကျ မဆုံးဖြတ်ရသေးကြောင်း မဟာသီယာက ဆိုပါတယ်။ 

သူဟာ မလေးရှား ဝန်ကြီးချုပ်အဖြစ် ၁၉၈၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်ထိတစ်ကြိမ်၊ ၂၀၁၈ ကနေ ၂၀၂၀ ပြည့်နှစ်ထိတစ်ကြိမ် တာဝန်ယူခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း မလေးရှားနိုင်ငံ သမိုင်းမှာ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် မဟာသီယာက မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၈ တုန်းက ဝန်ကြီးချုပ် ဖြစ်လာချိန်မှာလည်း ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး ရွေးကောက်ခံ နိုင်ငံခေါင်းဆောင် အနေနဲ့ စံချိန်ထပ်တင်ခဲ့ပြန်ပါတယ်။ 

မဟာသီယာက လက်ရှိ အာဏာရ UMNO ပါတီဟာ ရွေးကောက်ပွဲ မနိုင်နိုင်အောင် လာဘ်ပေးလာဘ်ယူ ကိစ္စတွေ၊ တရားမဝင် ငွေကြေး သုံးစွဲမှုတွေ အပါအဝင် နည်းလမ်းပေါင်းစုံ သုံးစွဲလိမ့်မယ်လို့ စွပ်စွဲခဲ့ပါတယ်။ UMNOဟာ ပြည်သူလူထုရဲ့ မျက်နှာကို မငဲ့ဘဲ ရွေးကောက်ပွဲနိုင်ဖို့ တစ်ခုတည်း ဦးတည်မယ့် ပါတီမျိုးလို့လည်း သူက ဆိုပါတယ်။ ထူးခြားတာ တစ်ခုကတော့ မဟာသီယာရဲ့ ပထမအကြိမ် ဝန်ကြီးချုပ် ဘဝဟာ UMNOကို ကိုယ်စားပြုပြီး ဖြတ်သန်းခဲ့တာပါ။ အခုတော့ သူဟာ UMNOအတွက် အဓိက အတိုက်အခံ ပြိုင်ဘက်တစ်ဦး ဖြစ်လာပါပြီ။ 

မလေးရှား နိုင်ငံရေး အကဲခတ်တွေကတော့ မဟာသီယာရဲ့ ပီဂျောင်ပါတီ အနိုင်ရခဲ့ရင်တောင် မဟာသီဟာ အနေနဲ့ နောက်ထပ် ဝန်ကြီးချုပ်သက်တမ်း ၅ နှစ် ဆက်ပြီး တာဝန်ယူဖို့ဆိုတာ အသက်အရွယ်အရ မလွယ်တော့ဘူးလို့ သုံးသပ်ကြပါတယ်။ ပြီးတော့ သူဟာ ဒီနှစ်ထဲမှာ ကျန်းမာရေး သိသိသာသာ ယိုယွင်းလာတဲ့ အခြေအနေတွေ ကြုံတွေ့ခဲ့ပါသေးတယ်။ 

၂၀၂၀ ပြည့်နှစ်မှာ ညွန့်ပေါင်း နိုင်ငံရေး မဟာမိတ် အင်အားစု ပြိုကွဲပြီး ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ခဲ့ချိန်မှာ မဟာသီယာက သူ့အနေနဲ့ နောက်ထပ် ရွေးကောက်ပွဲ ထပ်ဝင်ဖြစ်ဖွယ် မရှိတော့ဘူးလို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ လမှာတော့ အခွင့်အရေး ရလာမယ်ဆိုရင် တတိယအကြိမ် ဝန်ကြီးချုပ် တာဝန်ယူဖို့ ဆန္ဒရှိနေတယ်လို့ မဟာသီယာက ရင်းနှီးသူတွေဆီ ဖွင့်ဟခဲ့ကြောင်းလည်း သိရပါတယ်။