သီတင်းကျွတ်ပြီ….။မြန်မာတွေအဖို့ အထူးသဖြင့် ဇာတိကို ခွဲခွာနေရသူတွေ အိမ်လွမ်းစိတ်ပိုတတ်တဲ့ကာလပေါ့။ ရောက်ရာအရပ်ကနေ ဒီကာလကလေးမှာ ဇာတိမြေဆီပြန်အဖေ၊အမေမိဘဆွေမျိုး၊ဆရားသမားတွေကိုကန် တော့တတ်ကြတဲ့အချိန်ပေါ့။ဇာတိရပ်ရွာ မိဘဆွေမျိုးတွေအဖို့လည်း အဝေးကခဏပြန်လာမယ့် သား၊သမီး မြေးမြစ်လေးတွေနဲ့ဆုံရလို့ ပြုံး ကြပျော်ကြချိန်။
အခုလည်း ဒီလိုအခွင့်အရေးရနေသူတွေ အများအပြားရှိကြဦးမှာပါ။အဲ့ဒီအခွင့်အရေးမရကြတော့သူတွေလည်း များမှများပေါ့။တချို့မှာ အိမ်ပြန်ကန်တော့စရာ အဖေမရှိ၊အမေမရှိတော့သလိုတချို့ အဖေတွေအမေတွေအဖို့ တော့ အိမ်ပြန်လာ ကန်တော့မယ့် သားသမီးမရှိရှာတော့ဘူး။
တချို့သားသမီးတွေကတော့ သက်ရှိထင်ရှားရှိနေသေးပေမယ့် အချုပ်အနှောင်ခံရသူခံရ၊တောထဲမှာတိုက်ပွဲဝင် နေသူကဝင်၊တချို့ကတော့ ရေခြားမြေခြားဒေသတွေဆီရောက်လို့ အိမ်ပြန်လာဖို့မဖြစ်နိုင်သေးတဲ့အခြေအနေ တွေ..။တချို့မိသားစုတွေခမျာတော့ ကန်တော့မယ့်သူလည်းမရှိတော့သလို ကန်တော့ခံမယ့်သူလည်း မရှိတော့ဘူး။
ပြန်စရာအိမ်၊ ရပ်ရွာရယ်လို့တောင် မရှိတော့သူတွေလည်း ဒုနဲ့ဒေး….။စစ်ဖိနပ်နဲ့ နင်းချေခံလိုက်ရတဲ့လူသား ဖြစ်တည်မှု ပုံမှန်ဘဝအခြေအနေတွေပေါ့။ဒါဟာ အခုအချိန်အထိပုံမှန်ဘဝကိုပိုင်ဆိုင်နေသေးသူတွေ သတိမူ ရမယ့် နွေဦးတော်လှန်ရေးကာလထဲက သီတင်းကျွတ်အခါသမယပါပဲ။
ဟိုတုန်းကတော့ သီတင်းကျွတ်ဟေ့ဆို အရပ်ထဲမှာ ကလေးတွေ၊လူငယ်လူရွယ်တွေကြောင့် “တရွှီးရွှီး၊တအုန်း အုန်း” အသံတွေ ဆူညံလို့။ညည ယမ်းနံ့ယမ်းငွေ့တွေလို့ သင်းလို့ပေါ့။အခုလား….။“တရွှီးရွှီး၊ တအုန်း အုန်း” အသံတွေရော ယမ်းနံ့တွေရော မြန်မာပြည်တလွှားဆူညံသင်းပျံနေခဲ့တာ ကြာခဲ့ပြီပဲ။ကပ်ရောဂါကာလ မတိုင်မီ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အထိ
ဗျောက်အိုးတွေ၊မီးရှူး မီးပန်းတွေနဲ့ သီတင်း ကျွတ်ညတွေကို ပျော်ပျော် ပါးပါးဖြတ်သန်းခဲ့ကြမယ့်လူငယ်တွေလက်ထဲမှာ အခုတော့ တကယ့်ဗျောက်တွေနဲ့..။တတိုင်းပြည်လုံး စစ်ဘေးဒဏ်နဲ့ စစ်ဖိနပ်ဒဏ်က လွတ်မြောက်ဖို့ လူငယ်တွေ ရုန်းကန်နေကြလေရဲ့..။ဒါတွေဘယ် တော့မှ ပြီးပါ့မလဲလို့ အရပ်ထဲမှာ ညည်းတွားနေကြသူတွေထက် အဲ့ဒီလူငယ်တွေကပိုသိချင်ကြလောက်တယ်။
အမျိုးသားညီညွတ်ရေး အစိုးရ NUG ကတော့ လာမယ့်တနှစ်တာကာလဟာ တော်လှန်ရေးကိုအဆုံးအဖြတ်ပေး မယ့်ကာလအဖြစ် သတ်မှတ်ထားတယ်လို့ဆိုတယ်။“အဖြေပေါ်မယ်ဗျာ၊တနှစ်ဟာ အဆုံးအဖြတ်နှစ်ပဲ၊အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်ဆိုတဲ့စကားကို သေချာကျွန်တော်တို့ ရွေးချယ်ပြီးတော့မှ သုံးထားခြင်းဖြစ်ပါတယ်”လို့ NUG အစိုးရပြောခွင့်ရသူတဦးဖြစ်တဲ့ ဦးနေဘုန်းလတ်က သတင်းစာရှင်းလင်းပွဲမှာပြောတယ်။
လာမယ့်နှစ်မှာ ရန်သူစစ်ကောင်စီကို နိုင်ငံရေး၊စစ်ရေး၊စီးပွားရေး၊နိုင်ငံတကာရေးရာစတဲ့နည်းလမ်းပေါင်းစုံနဲ့ ထိုး စစ်ဆင်မယ့် စီမံချက်ကို ပြင်ဆင်ချမှတ်ထားပြီးဖြစ်တယ်လို့ NUGကဆိုပါတယ်။ယာယီ သမ္မတ ဒူဝါလရှီးလ ကိုယ် တိုင်လည်း အလားတူစကားကို ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကပဲ ပြောဖူးပါတယ်။
NUG ခေါင်းဆောင်နဲ့ အပြောနဲ့ အလုပ်ညီရင်တော့ လာမယ့် တနှစ်ဟာ အခုထက်ကို ပိုမိုကြမ်းတမ်းဦးမယ့်ကာလ ဖြစ်လာဖို့ရှိနေပါတယ်။တော်လှန်ရေးရဲဘော်တွေဘက်က အင်နဲ့အားနဲ့ ထိုးစစ်ဆင်နိုင်မှုအားမကောင်းသေးတဲ့ ပြီး ခဲ့တဲ့ကာလတွေမှာတောင် စစ်အုပ်စုရဲ့ တုံ့ပြန်မှုကအများအသိပဲမဟုတ်လား…။
NUG လိုပဲ စစ်အုပ်စုအနေနဲ့လည်း လာမယ့်တနှစ်တာကို အားခဲ ပြင်ဆင်နေတဲ့အလားအလာတွေရှိနေတယ်။“PDF တွေ တနှစ်အတွင်း အမြစ်ပြတ်ရမယ်ဟေ့”လို့ သတ္တိရှိရှိ ပြတ်ပြတ်သားသား ကြွေးကြော်တာမျိုးတော့မ ကြားရသေးဘူးပေါ့။ဒါပေမယ့် စစ်အုပ်စုဟာပေါက်ပန်းလေးဆယ်တွေသာလူကြားအောင်လျှောက်ပြောနေတာ၊တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်းသာ မဟုတ်မဟပ်တွေလုပ်နေတာ သူတို့အာဏာမြဲရေးအတွက်တော့စနစ် တကျ လုပ်စရာရှိတာလုပ်နေတုန်းပဲ။
လုပ်နိုင်သည်ဖြစ်စေ၊မလုပ်နိုင်သည်ဖြစ်စေ ၂၀၀၈ ခြေဥကို ချောင်ထိုးပစ်ချင်ပုံလည်း မရသေးတဲ့မင်းအောင်လှိုင် အနေနဲ့ လာမယ့်နှစ်မှာ ရွေးကောက်ပွဲလုပ်ကိုလုပ်ရတော့မှာြဖစ်တယ်။အကယ်၍ ရွေးကောက်ပွဲလုပ်မလုပ် အခု အချိန်မှာ မသေချာသေးဘူးဆိုရင်တောင် ရွေးကောက်ပွဲရှိတာနဲ့အနိုင်ယူ ပွဲခံဖို့ကိုတော့ စစ်အုပ်စုက (တရားတာ၊ မတရားတာ အပထား) ဗျုဟာကျကျကြိုတင်အကွက်ချနေပါပြီ။
စစ်အုပ်စုရဲ့ နိုင်ငံရေးတံခါးပေါက်ဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီကို မင်းအောင်လှိုင်အလိုကျ အသုံးတော်ခံဖို့အသင့်အနေ အထားပြင်ဆင်ပြီးပြီ။ဦးသိန်းစိန်လို သူနဲ့ အကိုကြီးညီလေး ဆက်ဆံရေး ရှိပုံမရတဲ့ပါတီဥက္ကဌ ဦးသန်းဌေးကို ဖယ် ရှားပြီးပြီ။အစကတည်းက ဘောင်းဘီချွတ်တွေရဲ့ ပါတီပဲဆိုပေမယ့် လက်ရှိ ပြည်ခိုင်ဖြိုးကတော့ စစ်တပ်ကတပ်ရင်းတခုလို မျိုးကိုဖြစ်နေအောင် မင်းအောင်လှိုင်က နေရာချပြီးပါပြီ။စစ်အုပ်စုအလိုကျ PRစနစ်ကလည်း အသင့်…။ ရွေး ကောက်ပွဲလုပ်ပြ၊ပြည်ခိုင်ဖြိုးအပါအဝင် စစ်တပ်နဲ့ ပုလင်းတူဗူးဆို့ပါတီတွေအနိုင်ရ…။
အားလုံးပါဝင်တဲ့ ညွန့်ပေါင်းအစိုးရကြီးပေါ်လာပါပြီဆိုပြီး ကြေညာရုံပဲ ကျန်တာလေ။ပြီးတဲ့နောက်မင်းအောင်လှိုင် က သမ္မတလုပ်ချင်လုပ်၊မလုပ်လည်း အမိန့်နာခံမယ့်သူတယောက် သမ္မတလုပ်ဆိုနောက်ကွယ်က ကြိုးကိုင်ရုံပဲ မို့လား။ဒါဟာ လက်ရှိအထိတော့ စစ်တပ်က ရွှေ့နေတဲ့အကွက်ပဲ။ရွေးကောက်ပွဲနည်းနဲ့ လက်ရှိအခက်အခဲအကျပ်အ တည်းတွေကို လျှော့ချနိုင်လိမ့်မယ်ဆိုတဲ့အတွေးကိုတော့ အကြမ်းဖက်စစ်တပ်က လုံးဝမဖက်ရှားပစ်လိုက်သေး တာ ထင်ရှားပါတယ်။
လာမယ့်နှစ်အတွက် NUGက အဆုံးသတ်တိုက်ပွဲဆိုပြီး ညာသံပေးချိန် စစ်အုပ်စုကလည်းခြေလှမ်းတွေစိတ် လာ ချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ထူးထူးခြားခြား သတင်းတချို့က ဒီသီတင်းပတ်နွေဦးဇာတ်ခုံကို ကိုင်လှုပ်လာတယ်။အဆင့်မြင့် ရာထူးလက်ရှိနဲ့ CDM ဝင်လာတဲ့ ပြည်သူ့ဘက်တော်သားဆိုပြီး ပြည်သူတွေကြားလေးစားခံခဲ့ရတဲ့ ယာ ယီတပ်ရင်းမှူး မျိုးမင်းထွန်းဟာ CDM အရေခွံခွာချပြီး စစ်ကောင်စီဘက်ပြန်ခိုလှုံခဲ့တယ်။CDM သက်တမ်းခြောက် လအကြာမှာ လာရာလမ်းကို ပြန်ခဲ့တာပေါ့။သူနောက်ကြောင်းပြန်သွားတဲ့ကိစ္စဟာ CDM တပ်မတော်သားတွေအကြား ဂယက်ထခဲ့တယ်။CDMတပ်မတော် သားတွေစုပေါင်းပြီး “ပြည်သူ့သစ္စာဖောက်”ဖြစ်တယ်လို့
ကြေညာချက်ထုတ်ပြန်ရတဲ့အထိပဲ။
ဒါပေမယ့် ဗိုလ်မှူး မျိုးမင်းထွန်းဟာ CDM ကာလအတွင်း စစ်ရေးလှုပ်ရှားမှုတွေနဲ့ထဲထဲဝင်ဝင်ပါဝင်ခဲ့တာမရှိလို့ စိတ်ပူဖို့မလို ကြောင်းတော့ လူသိများတဲ့ CDMတပ်မတော်သားတွေကအသိပေးထားပါတယ်။ဒီဖြစ်စဉ်အပြီးမှာတော့ တော်လှန်ရေးခံယူချက်မရှိသူတွေ CDM မှာမပါဝင်လာဖို့ စိစစ်သွားတော့မယ်လို့CDM တပ် မတော်သားတွေကဆိုပါတယ်။တကယ်တော့လည်း အာဏာသိမ်းကာလဟာ
နှစ်နှစ်ပြည့်လုပါပြီ။
အခုအချိန်အထိ တပ်တွင်းက သတင်းတွေပေးနေတဲ့ ဖရဲသီးတွေရှိနေဆဲဆိုပေမယ့် မြေပြင်တပ်တွေထဲကCDM ဝင်လာသူတွေနဲ့ ပတ်သက်ပြီး ပိုသတိထားသင့်တဲ့ ကာလဖြစ်သင့်ပြီလို့ဆိုရတော့မှာပါ။အသာရနေချိန်မှာ အသေ အကျေတိုက်ခိုက်ခဲ့ပြီး အခြေအနေမဟန်ချိန်ကျမှ CDMအရေခြုံပြီးပြည်သူ့အလှူငွေ တွေနဲ့ နေထိုင်စားသောက် ရှင်သန်တဲ့အပြင်ပြည်သူ့လေးစားမှုခံယူနေမယ်ဆိုရင်လည်း သိပ်မဟန်ဘူးလို့ ဆိုရ မယ် မဟုတ်လား။သီတင်းကျွတ်အခါသမယထဲက ဒီသတင်းပတ်မှာတော့ တိုက်ခိုက်သတ်ဖြတ်မှုသတင်းတွေအကြောင်းမပြောတော့ ဘဲ ဒီလောက်နဲ့ပဲ နှုတ်ဆက်လိုက်ပါတယ်။