မော်ကျွန်း ပြည်သူ့စစ်ခေါင်းဆောင် အသတ်ခံရပြီးနောက် ဒေသခံသုံးဆယ်ကျော်ကို စစ်ကောင်စီဖမ်းဆီး

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့မှာ ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် ခင်မောင်ကြည် သေနတ်ပစ်ခံသေဆုံးပြီးနောက် ဆာဝါရီ လ္ဘက်ရည်ဆိုင်ပိုင်ရှင် မမော်အပါအဝင် အနီးအနားစျေးဆိုင်တွေက အမျိုးသမီး (၁၀) ဦး အပါအဝင် လူ( ၃၀) ကျော်ကို စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးမှု တွေပြုလုပ်နေပြီး ၊ ပြန်လွတ်လာသူတချို့ ရှိသလို ဆက်လက်ဖမ်းဆီးမှုတွေလည်း ရှိနေတယ်လို့ မော်ကျွန်းမြို့ ဒေသခံတွေက ပြောပါတယ်။
” ၁၃ လမ်းကအဖမ်းခံရသူများတယ်။ အဲဒီအုပ်စုက ကိုသက်မှာ မြင်မကောင်းအောင် ဖူးသီးယောင်ကိုင်း နေတာကို တွေ့ရတော့ စိတ်တကယ်မကောင်းဘူးဗျာ။ ကိုထွန်းလွင် နဲ့ ကိုဘလှိုင် တို့ကိုလည်း ရိုက်လိုက်မေးလိုက်အလုပ်ခံနေရတာလို့ သိရတယ်။ တနေရာကို ခေါ်သွားပြီး စစ်ဆေးတဲ့အထဲမှာ ပါသွားတော့ပိုဆိုးမှာ လို့သိရတယ်။ တချို့ကိုအခြားတနေရာ စစ်ကြောရေးမှာ စစ်မေးကြောင်းသိရပါတယ်” လို့ ရဲစခန်းနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ မသင်္ကာ စွပ်စွဲဖမ်းဆီး စုံစမ်းစစ်ဆေး ခံနေရသူတွေထဲမှာ လ္ဘက်ရည်ဆိုင် နှစ်ဆိုင်ကိုလာထိုင်တဲ့ စားသုံးသူတွေ ၊ ဆိုက္ကားနင်းသမားတွေ ၊ အနီးအနား ဖြတ်သွားဖြတ်လာ အမျိုးသား/သမီး အယောက် ၃၀ ကျော်ကို ဖမ်းဆီးထားပြီး တချို့မှာမြင်မကောင်းအောင် ယောင်ကိုင်း နေတဲ့အထိ ရိုက်နှက်နှိပ်စက် စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။
ဆာဝါရီ လ္ဘက်ရည်ဆိုင်ပိုင်ရှင် မော်မော်က အစစ်ခံရာမှာ “ယိုးဒယား ဘီးအဟောင်းလေးစီးပြီး မမြင်ဘူးတဲ့သူ နှစ်ယောက်လာတယ်။ ဆိုင်ထဲဝင်တယ်။သေနတ်ထုတ်ပြီး ကိုခင်မောင်ကြည်ကို နှစ်ချက်ပစ်တယ်။ အရင်အပစ်ခံရဘူးတဲ့ ကျော်တင်ဦး ကိုတောင်လုံဝ ပစ်မသွားဘူး”လို့ ထွက်ဆိုချက်ပေးထားတယ်လို့ သိရပါတယ်။
Ayayarwaddy Dolphin People’s Defence Force
အဖွဲ့က ဧရာဝတီတိုင်းစစ်ဒေသခွဲရဲ့ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မော်ကျွန်းမြို့ပျူစောထီး ပြည်သူ့စစ်ခေါင်းဆောင် ခင်မောင်ကြည်ကို ဘိုကလေး PDF ၊မော်ကျွန်း ပကဖ အဖွဲ့တွေနဲ့ ပူးပေါင်း ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်အသိပေးခဲ့ပေမယ့်
မြို့ပေါ်က အရပ်သားတွေကို ဖမ်းဆီးပြီး နှိပ်ဆက်စစ်ဆေး နေတာ လုံးဝ မဖြစ်သင့်ဘူးလို့ ဒေသခံတွေ ယူဆနေကြပါတယ်။