အခုသီတင်းပတ်ကုန်မှာ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အသင်းကြီး အများစု နိုင်ပွဲဆက်မယ်လို့ ယုံကြည်ရပြီး အမှတ်ပေး ဇယားထိပ်ပိုင်းက ဘရိုက်တန်နဲ့ တော့တင်ဟမ် ဟော့စပါး၊ အာဆင်နယ်နဲ့ နာမည်ကြီး လီဗာပူးလ်တို့ တွေ့ဆုံမှုတွေကတော့ စိတ်ဝင်စားစရာ ဖြစ်လာပါလိမ့်မယ်။
ချယ်လ်ဆီး – ဝုလ်ဗ်
မန်နေဂျာသစ် ပေါ့တားဟာ ချယ်လ်ဆီးကို ကိုင်တွယ်ရာမှာ တစ်ပွဲချင်းစီ တဖြည်းဖြည်း ပိုပြီး သဟဇာတ ရှိလာပါတယ်။ ချန်ပီယံလိဂ်မှာ အေစီမီလန်လို နာမည်ကြီး ပြိုင်ဘက်ကို ဂိုးပြတ် နိုင်ထားတဲ့အတွက် ချယ်လ်ဆီး ကစားသမားတွေ စိတ်ဓာတ် တက်ကြွနေမှာ မလွဲပါဘူး။ ပြီးခဲ့တဲ့ ရာသီတွေမှာ အဆိပ်ရှိတဲ့ အသင်းကောင်း တစ်ခုအနေနဲ့ ရပ်တည်ခဲ့ဖူးတဲ့ ဝုလ်ဗ်ဟာ ဒီရာသီမှာတော့ ၈ ပွဲကစားပြီး ၁ ပွဲသာ နိုင်ထားသလို တန်းဆင်းဇုန်ကို ရောက်နေပါတယ်။ ရလဒ်တွေ မကောင်းလို့ မန်နေဂျာ လေ့ဂ်လည်း ရာထူးက ထုတ်ပယ် ခံလိုက်ရပြီးပါပြီ။ ချယ်လ်ဆီးရဲ့ စတမ်းဖို့ဒ် ဘရစ်ဂျ်ကွင်းမှာတော့ ဒီပွဲမျိုးက အခက်အခဲ မရှိလောက်ဘဲ အနိုင် ၃ မှတ် သေချာနေပါတယ်။ ဂိုးဘယ်လောက် ပြတ်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ကြရပါမယ်။
မန်ချက်စတာစီးတီး – ဆောက်သမ်တန်
ရာသီစကတည်းက ဒယိမ်းဒယိုင် ဖြစ်နေတဲ့ ဆောက်သမ်တန်က လက်ရှိ ချန်ပီယံရဲ့ အိမ်ကွင်းမှာ သွားကစားရမှာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဟာလန်းရဲ့ ဂိုးသွင်းစွမ်းရည် အမြင့်ဆုံး ရောက်နေပြီး ပြိုင်ဘက် ခံစစ်ကြောင်းတိုင်းကို မုန်တိုင်းလို မွှေနှောက်နေတဲ့ အခြေအနေမျိုးမှာ ဆောက်သမ်တန် နောက်ခံလူတွေ မျက်ခုံးလှုပ်နေပါလိမ့်မယ်။ ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း ၃ ပွဲဆက်တိုက် Hat-Trick ယူခဲ့သလို စတုတ္ထမြောက် Hat-Trickအတွက် ဆောက်သမ်တန်က သားကောင် ဖြစ်သွားနိုင်ပါတယ်။ အမှတ်ပေး ဇယားထိပ်ဆုံးက အာဆင်နယ် ပွဲကျပ်ကြုံနေတဲ့ အချိန်မျိုးမှာ စီးတီးဟာ ဆောက်သမ်တန်ကို လျှော့ကစားမှာ မဟုတ်ပါဘူး။ ဂိုးပြတ် မရှုံးဖို့ကိုပဲ ဆောက်သမ်တန်တို့ အဓိက မျှော်လင့်ရမှာဖြစ်ပြီး အဲဒီ ဆုတောင်းကလည်း ပြည့်ဖို့တော့ ခက်ပါလိမ့်မယ်။
ဘရိုက်တန် – တော့တင်ဟမ် ဟော့စပါး
ဒီရာသီမှာ ဘရိုက်တန်ရဲ့ ဖြတ်သန်းမှုက အတော်လေး ကျေနပ်စရာကောင်းပြီး လက်ရှိ အမှတ်ပေးဇယား အဆင့် ၄ နေရာကို ထိုက်ထိုက်တန်တန် ရောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ကစားရ ခက်လှပါချည်ရဲ့လို့ နာမည်ကြီးတဲ့ လီဗာပူးလ်ရဲ့ အိမ်ကွင်းမှာ ဘရိုက်တန်က ဦးဆောင်ဂိုးတွေ သွင်းပြီး သရေကျခဲ့ပါတယ်။ အဲဒီပွဲမှာ တောင်ပံ တိုက်စစ်သမား ထရော့ဆက် အထူးခြေစွမ်းပြပြီး Hat-Trick ရခဲ့ပါတယ်။ တော့တင်ဟမ်ကလည်း အမှတ်ပေးဇယား အဆင့် ၃ နေရာကို ဆက်ထိန်းဖို့အတွက် ဘရိုက်တန်ကို အနိုင်ကစားရမှာပါ။ တော့တင်ဟမ်မှာ ကိန်း၊ ဆွန်နဲ့ ရစ်ချာလီဆန်တို့ တိုက်စစ်အတွဲ ခြေစွမ်းပြနေပေမယ့် ပြီးခဲ့တဲ့ ပွဲစဉ်မှာ လန်ဒန်ပြိုင်ဘက် အာဆင်နယ်ကို အရေးနိမ့်ထားပါတယ်။ ဝါအရ တော့တင်ဟမ်က ပိုသာပေမယ့် ဒီရာသီ ဘရိုက်တန်ရဲ့ ကစားပုံကလည်း ဘယ်လို ပြိုင်ဘက်ကိုမဆို ယှဉ်နိုင်တဲ့ အနေအထား ရှိနေပါတယ်။ အမှတ် အပြုန်းတီး မခံနိုင်တော့တဲ့ တော့တင်ဟမ်ကပဲ နိုင်ပွဲရသွားလောက်ပါတယ်၊။
အဲဗာတန် – မန်ချက်စတာ ယူနိုက်တက်
အဲဗာတန်က နောက်ဆုံး ၂ ပွဲဆက် အနိုင်ရပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်စ ပြုနေပါပြီ။ ယူနိုက်တက်ကတော့ မန်ချက်စတာ ဒါဘီမှာ ခါးသီးပြိုင်ဘက် မန်ချက်စတာ စီးတီးကို ဂိုးဒါဇင်ဝက် ခွင့်ပြုရပြီး အရှုံးကြီး ရှုံးထားပါတယ်။ အဲဒီ အရှုံးရလဒ်ဟာ ယူနိုက်တက်အတွက် တော်တော်ကြီး ထိခိုက်မှု ပြင်းထန်ခဲ့ပြီး ကြားရက် ကစားတဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာတောင် ကစားပုံက ယုံကြည်မှု လျော့ရဲရဲ ဖြစ်နေတာ တွေ့ရပါတယ်။ မန်နေဂျာ တန်ဟက်ဂ်ဟာ သူ့အသင်းကို စိတ်ဓာတ်ပိုင်း ပြန်ဆွဲတင်ဖို့လိုပြီး မဟုတ်ရင်တော့ ဂွတ်ဒီဆင်ပက်ခ်မှာ နောက်ထပ် မဖွယ်မရာ ကိစ္စတွေ ကြုံသွားရနိုင်ပါတယ်။ မန်နေဂျာ လမ်းပတ်ရဲ့ အဲဗာတန် အသင်းကတော့ ယူနိုက်တက်ရဲ့ အဓိက အားနည်းချက် တစ်ခုဖြစ်တဲ့ တန်ပြန်တိုက်စစ်တွေကနေ ဂိုးရအောင် ကြိုးစားလာနိုင်ပါတယ်။ အဓိက နောက်ခံလူ ဗာရာနေး မကစားနိုင်ချိန်မှာ ယူနိုက်တက် ခံစစ်ဟာ အတိုင်းအတာ တစ်ခုထိ အားလျော့သွားပြီး အဲဗာတန်က ဒီအချက်ကို အသုံးချနိုင်မလား ကြည့်ရပါမယ်။ နှစ်သင်းလုံး ဆတူအခွင့်အရေး ရှိနေတဲ့ပွဲလို့ သတ်မှတ်ရမှာပါ။
အာဆင်နယ် – လီဗာပူးလ်
အခုသီတင်းပတ်အတွက် အကြိတ်အနယ် အရှိဆုံးနဲ့ ပရိသတ် စိတ်အဝင်စားဆုံးပွဲ ဖြစ်လာမှာပါ။ အာဆင်နယ်က အတည်ငြိမ်ဆုံး ခြေစွမ်းနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့် တစ်ဖက်မှာတော့ နာမည်ကြီး လီဗာပူးလ်က ရုန်းကန်နေရပြီး အမှတ်ပေးဇယား အဆင့် ၉ နေရာထိ ရောက်နေပါတယ်။ ပုံမှန်ဆိုရင် လီဗာပူးလ်ရဲ့ အားအကောင်းဆုံး အပိုင်းတွေက ဒီရာသီမှာ စွမ်းဆောင်ရည် ကျနေတာဟာ အဓိက ပြဿနာ တစ်ခုပါ။ လီဗာပူးလ် တိုက်စစ်အများစု အစပြုရာ တောင်ပံခံစစ်မှူး နှစ်ယောက်စလုံးဟာ ပြီးခဲ့တဲ့ ရာသီလောက် ခြေစွမ်းမပြနိုင်သေးသလို အဓိက နောက်ခံလူ ဗန်ဒက်ဂျ်ကလည်း မမှားဖူးတဲ့ အမှားမျိုးတွေ ကျူးလွန်နေပါတယ်။ အာဆင်နယ်ကတော့ နတ်ရေကန်ထဲ ပစ်ချခံရသလို ဒီရာသီမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး ကစားပုံရော၊ စိတ်ဓာတ်ပါ မြိုင်မြိုင်ဆိုင်ဆိုင်၊ ထက်ထက်သန်သန် ရှိနေပါတယ်။ လီဗာပူးလ် မန်နေဂျာ ကလော့ပ် အနေနဲ့ သူ့မူပိုင်ဟန်အတိုင်း အာဆင်နယ်ကို တိုက်စစ်ချင်း ယှဉ်ကစားရင်တော့ ဒီပွဲမှာ ဒုက္ခရောက်သွားနိုင်ပါတယ်။ လီဗာပူးလ်ရဲ့ ခံစစ်ဟာ ပြီးခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ဘရိုက်တန်ကို သွင်းဂိုး ၃ ဂိုးထိ ခွင့်ပြုထားရတာကို မမေ့သင့်ပါဘူး။ လက်ရှိ ခြေစွမ်းအရ အာဆင်နယ်ပဲ အနိုင်ရသွားဖို့ များနေပြီး လီဗာပူးလ်ကတော့ သရေရလဒ်လောက်ကို မျှော်လင့်ဖို့ ကြိုးစားရပါမယ်။
အခြားပွဲစဉ်များ
နယူးကာဆယ်လ် ယူနိုက်တက် – ဘရန့်ဖို့ဒ်
ဘွန်းမောက်သ် – လက်စတာစီးတီး
ဝက်စ်ဟမ်း ယူနိုက်တက် – ဖူလ်ဟမ်
ခရစ္စတယ်လ် ပဲလေ့စ် – လိဒ်စ်ယူနိုက်တက်
နော်တင်ဟမ် ဖောရက်စ် – အက်စ်တန် ဗီလာ