
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့က ပျူစောထီးခေါင်းဆောင်ဆိုသူတဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး တနှစ်နီးပါးကြာချိန် အထိဒေသခံတွေကို စစ်ကောင်စီရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေတယ်လို့ ဘိုကလေးမြို့ခံတွေက DNA ကိုပြောပါ တယ်။
ဘိုကလေးမြို့ အမှတ်(၄)ရပ်ကွက်က ဦးချစ်စမ်းမောင်ဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်း သူ့ပိုင် အပ်ချုပ် ဆိုင်ရှိရာ ဘိုကလေးမြို့ ဈေးရုံအတွင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး တနှစ်ဝန်းကျင်ရှိ လာချိန် အခုလ အ တွင်းမှာ ဘိုကလေးမြို့ခံ(၁၅)ဦးကို ဖျာပုံ ခရိုင်ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
အဲ့ဒီပစ်ခတ်သတ်ဖြတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ အခင်းဖြစ်ချိန်က အနီးဝန်းကျင်မှာရှိနေသူတွေကို ဘိုကလေးမြို့ ရဲတပ်ဖွဲ့က အခင်းဖြစ်ချိန်ကတည်းက စစ်ဆေးမေးမြန်းခဲ့ပြီးပေမယ့် ဖျာပုံခရိုင်ရဲတပ်ဖွဲ့က အခုလအတွင်း ထပ်မံ ခေါ်ယူစစ်ဆေးတာဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။
ပစ်သတ်မှုဖြစ်အပြီး တစ်နှစ်အကြာမှာ ဘာကြောင့်အခုလို ထပ်မံ ခေါ်ယူစစ်ဆေးတယ်ဆိုတာ မသိရပေမယ့် ခေါ် ယူခံရသူတွေကတော့ ကိုယ့်စရိတ်နဲ့ကိုယ် ဘိုကလေးကနေ ဖျာပုံအထိ နေ့စဉ်အလှည့်ကျသွားနေကြရ တာ ကြောင့် အခက်ကြုံနေရတယ်လို့ဆိုပါတယ်။
“ကိုယ့်စားရိတ် ကိုယ်စားပြီး သူတို့ခေါ်ရင်အဆင် သင့်ဖြစ်အောင် ရဲစခန်းရှေ့လမ်းဘေးမှာ ထိုင်စောင့်နေရတယ်၊ တစ်နေ့တာလမ်းစရိတ်နဲ့ စားစရိတ် တစ်သောင်းခွဲ နှစ်သောင်းနီးပါး ကုန်တယ်”လို့ စစ်ဆေးမေးမြန်းခံနေရသူ တွေနဲ့ နီးစပ်တဲ့ ဘိုကလေးမြို့ခံတဦးကပြောပါတယ်။
ရဲတပ်ဖွဲ့က စစ်ဆေးရာမှာ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ပစ်ခတ်သူကို မြင်တွေ့ခြင်းရှိမရှိ၊ပစ်ခတ်သူရဲ့ ပုံစံ၊ဝတ်ဆင် ထားတဲ့ အဝတ်အစားအရောင် စသဖြင့် အခင်းဖြစ်ချိန်က အခြေအနေတွေကို ပြန်လည်စစ်ဆေးမေးမြန်း နေတာ ဖြစ်တယ်လို့သိရပါတယ်။
ဦးချစ်စမ်းမောင်ဟာ စစ်ကောင်စီ သတင်းပေး ပျူစောထီး ခေါင်းဆောင်တဦးဖြစ်လို့ ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ် တယ်လို့ ဧရာဗေဒါအဖွဲ့က ပစ်ခတ်မှုအပြီးမှာ ထုတ်ပြန်ခဲ့ပါတယ်။