ကြာအင်းဆိပ်ကြီးအခြေစိုက် စစ်ကောင်စီ တပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ် တိုက်ခိုက်

Photo – CJ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးအခြေစိုက် စစ်ကောင်စီ ခလရ (၂၈၄)တပ်ရင်းကို အောက်တိုဘာ (၅) ရက် ညနေပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့က ၇၉ မမ ဗုံးပစ်လောင်ချာနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်က တဦးသေကာ လေး ဦးဒဏ်ရာရတယ်လို့ နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

“၁၂၀ မမနဲ့ အလုံး နှစ်ဆယ်နီးပါးလောက် ကြခတ်ချောင်း ၊ အုန်းတပင်နဲ့ ဂုတ်ဘီရွာထဲကိုတော့ပြန်ပစ်တယ်ဗျ၊ လူ တော့မထိဘူး၊ သုံးရွာပေါင်း အိမ်ခြေငါးရာလောက်တော့ရှိမယ်၊ သူတို့ပစ်တဲ့အချိန်ဆို ရှောင်နေရတယ်၊ အသေအ ပျောက်စာရင်းစောင့်ရင်းနဲ့ မနေ့ကမှ တင်ဖြစ်တာ” လို့ နဂါးနီစစ်ကြောင်း တာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲ ဖြစ်ပွားလေ့ရှိပြီး နယ်‌မြေခံစစ်ကောင်စီ ခလရ(၂၈၄)တပ်ရင်းဟာလည်း မကြာခဏတိုက်ခိုက်ခံရလေ့ရှိပါတယ်။

ပြီးခဲ့ဩဂုတ်လနဲ့ စက်တင်ဘာလတွေအတွင်းမှာလည်း အဲ့ဒီတပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ် တိုက် ခိုက်မှုတွေရှိခဲ့သလို နှစ်ဘက် တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။အခုလဆန်းပိုင်းမှာလည်း ကြာအင်းဆိပ်ကြီး ဗျူဟာကုန်းပေါ် အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲတွေဖြစ်ခဲ့ပါ သေးတယ်။

စစ်ကောင်စီတပ် (ရတခ)လက်အောက်ခံ ကြာအင်းဆိပ်ကြီးအခြေစိုက် နည်းဗျူဟာကုန်းကနေ အောက်တိုဘာ (၄)ရက်နေ့ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ ဒေသခံတွေ ထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။

စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ကြခတ်ချောင်းရွာက စစ်တပ်ထောက်ခံသူ အငြိမ်း စား ကျောင်း အုပ်ဆရာမကြီးရဲ့နေအိမ်ကို ထိမှန်ခဲ့ပြီး နေအိမ်ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

ကြအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ကမက္ကသာရွာကိုလည်း စစ်ကောင်စီက အောက်တိုဘာ(၆)ရက် မနက် နှစ်နာရီခွဲဝန်းကျင်မှာ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မက္ကသာရွာဘုန်းကြီးကျောင်း မီးလောင် ပျက်စီးခဲ့ ရတယ်လို့ သိရပါတယ်။