ဘိုကလေး လဝကရုံးဝန်ထမ်းတွေ ငွေတောင်းကြမ်းပြီး ပြည်သူအပေါ် မောက်မာနေတယ်လို့ဆို

ဧရာဝတီတိုင်း၊ဘိုကလေးမြို့ကစစ်ကောင်စီလက်အောက်ခံ လဝကရုံးဝန်ထမ်းတွေဟာ ငွေကြေးမတရား တောင်းခံနေတဲ့အပြင် လ.ဝ.က ဆိုင်ရာ ကိစ္စတွေနဲ့ရုံးရောက်လာတဲ့ ပြည်သူတွေအပေါ် မောက်မောက်မာမာ ပြောဆိုဆက်ဆံနေကြတယ်လို့ ဒေသခံတချို့က DNA ကိုပြောပါတယ်။
မှတ်ပုံတင် ပျက်စီးနေလို့ အသစ်ပြန်လည် လျှောက် ထားရာမှာ အဲ့ဒီရုံးက ဝန်ထမ်းတွေကို ကျပ်ငါးသောင်း ပေးခဲ့ရတယ်လို့ ဘိုကဘေးမြို့နယ်အတွင်း ကျေးရွာတရွာက အမည်မဖော်လိုတဲ့ ဒေသခံတဦးက ကိုယ်တိုင်ကြုံ ခဲ့ရတဲ့အခြေအနေကို ပြောပါတယ်။
“ပထမတော့ နေ့ချင်းပြီး လုပ်ပေးမယ်၊ သုံးသောင်းပေးရမယ်လို့ သူတို့ကပြောပါတယ်၊အချက် အလက်တွေ ပြည့်စုံဖို့ ကြားထဲမှာ နှစ်ရက်ကြာပြီး ပြန်သွားတဲ့ အခါမှာတော့ ငါးသောင်းရမှ နေ့ချင်းပြီး လုပ်ပေးမယ်လို့ပြန် ပြောပါတယ်” လို့ သူကဆိုပါတယ်။
ဘိုကလေးမြို့ဒေသခံတွေအနေနဲ့ လက်ရှိမှာ ခရီးသွားတဲ့အခါ မှတ်ပုံတင်ချို့ယွင်းမှုရှိနေရင် လမ်းတလျှောက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးတောင်းယူခံရတာအပြင် တခြားပြဿနာတွေလည်းရှိနိုင်လို့ ဒေသ ခံတွေအနေနဲ့ မှတ်ပုံတင် ပြန်လုပ်သူတွေ များတယ်လို့ ဆိုပါတယ်။
အဲ့ဒီလို အခြေအနေမှာ မြို့နယ် လ.ဝ.က ရုံးကလည်း အခုလို ငွေကြေးအဆမတန် တောင်းယူတာကြောင့် အခက် တွေ့ရတယ်လို့ မြို့ခံတွေကဆိုပါတယ်။လက်ရှိမှာ မြို့နယ်လ.ဝ.က ရုံးအနေနဲ့ မှတ်ပုံတင် အသစ်လုပ်သူ၊ ပျောက် ဆုံး၊ပျက်စီး ပြန်လျှောက်သူတွေ များပြားတာကို အခွင့်ကောင်းယူပြီး ငွေကြေးတောင်းယူနေတာဖြစ်တယ်လို့ ကိုယ်တွေ့ကြုံခဲ့တဲ့ မြို့ခံတွေက ဝေဖန်ပါတယ်။
“အခုဆိုရင် ရုံးအဝမှာ အတားအဆီး ဂိတ်တွေ ချထားပြီး အမည်စာရင်း အရင်ပေးပြီး လူတစ်ဦး ငွေတစ် ထောင်နူန်း​ပါ ရုံးဝမှာ ပေးရတယ်၊အမည်စာရင်းခေါ်မှရုံးထဲကိုသွားလို့ရတယ်၊ ကိုယ်တွေတောင် ဒီလောက် ငွေကြေး ပေးနေ ရရင် သွေးနှောသူဆို သူတို့ဖက်က ခုထက်ပိုတောင်းဖို့သာ ရှိမယ်”လို့ ဘိုကလေးမြို့ခံ တဦးကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကုန်စျေးနှုန်းမြင့်တက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ပြည်သူတွေရဲ့ နေ့စဥ် လူမှု ဘဝမှာ အခက်အခဲတွေနဲ့ ကြုံနေရချိန်မှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက ပြည်သူတွေကို မတရား ဖိနှိပ်နေတာကြောင့် အကူအညီမဲ့နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။