တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဒုံးကျည်တွေ ထပ်ပစ်ပြခဲ့ပြန်တဲ့ မြောက်ကိုရီးယား 

ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေချိန်မှာ မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်နှစ်စင်းကို အရှေ့ဖက် ပင်လယ်ပြင်ဆီ ဦးတည် ပစ်ခတ်ပြခဲ့ကြောင်း သိရပါတယ်။ 

အောက်တိုဘာ ၆ ရက် မနက်ပိုင်းက မြောက်ကိုရီးယားဟာ ဒုံးကျည်နှစ်စင်းကို ပစ်လွှတ်ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယား စစ်ထောက်လှမ်းရေးတွေက ပြောပါတယ်။ အခု သီတင်းပတ် အစောပိုင်းမှာလည်း မြောက်ကိုရီးယားဟာ ဂျပန် လေပိုင်နက်ပေါ်က ဖြတ်ကျော်ပြီး တာဝေးပစ် ဒုံးကျည်တစ်စင်း ပစ်ခတ်ပြခဲ့သေးပါတယ်။ 

ဂျပန်ကို ကျော်လွန်ပြီး ဒုံးကျည်ပစ်ခတ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်ကို တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန် ရေတပ်ဟာ USS Ronald Raegan လေယာဉ်တင် သင်္ဘောကြီး ဦးဆောင်တဲ့ မဟာဗျူဟာ တိုက်ရေယာဉ် အုပ်စုကို ကိုရီးယား ရေလက်ကြား တဝိုက်မှာ ဖြန့်ကျက်ထားစေလိုက်ပါတယ်။ အဲဒီ အချိန်မှာပဲ မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်တွေ ထပ်မံ ပစ်ခတ်ပြခဲ့တာပါ။ 

အောက်တိုဘာ ၆ ရက် ပစ်လွှတ်မှုမှာ မြောက်ကိုရီးယားရဲ့ မြို့တော် ပြုံယမ်းနားကနေ ၂၂ မိနစ်ခြားပြီး ဒုံးကျည်နှစ်စင်း ပျံတက်လာတယ်လို့ ဆိုပါတယ်။ ပထမ ဒုံးကျည်ဟာ အမြင့် ကီလိုမီတာ ၈၀ လောက်ထိ ပျံတက်သွားပြီးတဲ့နောက် ကီလိုမီတာ ၃၅၀ လောက် ခရီးပေါက်ချိန်မှာ ပင်လယ်ထဲ ကျဆင်းသွားခဲ့ပါတယ်။ ဒုတိယ ဒုံးကျည်ကတော့ ကီလိုမီတာ ၆၀ လောက် ပျံတက်ပြီး ကီလိုမီတာ ၈၀၀ ထိ ခရီးပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒုံးကျည် နှစ်စင်းလုံးဟာ ဂျပန်ဖက်ကို ဦးတည်ခဲ့ပေမယ့် ဂျပန်ရဲ့ အထူးစီးပွားရေးဇုန် သတ်မှတ်ရေပြင်ထိ မရောက်ခဲ့ကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီး ယာဆူကာဇူ ဟာမာဒါက အတည်ပြုပါတယ်။ 

ဟာမာဒါက မြောက်ကိုရီးယား လွှတ်တင်တဲ့ ဒုတိယ ဒုံးကျည်ဟာ မူမှန်မဟုတ်တဲ့ အကွေ့အဝိုက် ပုံစံမျိုးတွေနဲ့ ပျံသန်းခဲ့တယ်လို့ ယုံကြည်ရကြောင်းလည်း ပြောပါတယ်။ မြောက်ကိုရီးယားဟာ ရုရှားရဲ့ Iskander ဒုံးကျည်ဒီဇိုင်းကို ပုံတူကူးပြီး အနိမ့်ပိုင်းမှာ ဒုံးခွင်းဒုံးတွေကို ကွေ့ဝိုက် ရှောင်တိမ်းနိုင်တဲ့ ဒုံးကျည် အမျိုးအစားသစ်ကို တီထွင်ထားပြီး ဖြစ်ပါတယ်။ 

တောင်ကိုရီးယား စစ်တပ်ကတော့ လတ်တလော ကာလတွေမှာ စစ်ထောက်လှမ်းရေး ကွန်ရက် လွှမ်းခြုံမှုကို မြှင့်တင်ထားပြီး အရာရာတိုင်းအတွက် အသင့်ပြင်ဆင်ထားဖို့ မဟာမိတ် အမေရိကန်နဲ့ လက်တွဲ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားပါတယ်။ 

ဒီအတောအတွင်း တောင်ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ မြောက်ကိုရီးယား ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ ဖုန်းဆက် ဆွေးနွေးခဲ့ပြီး ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်ခတ်မှုတွေဟာ သည်းခံနိုင်စရာ အခြေအနေ မဟုတ်ဘူးလို့ ရှုတ်ချခဲ့ပါတယ်။ 

တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်ကလည်း အစိုးရအဖွဲ့ရဲ့ အရေးပေါ် လုံခြုံရေး အစည်းအဝေး တစ်ခုပါ ခေါ်ယူပြီး အနာဂတ်မှာ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေ ထပ်ကြုံလာရင် ဘယ်လို အစီအမံတွေနဲ့ တုံ့ပြန်မလဲဆိုတာ အကျေအလည် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။